မြစ်ဆုံအပါအဝင် သဘာ၀ပတ်၀န်းကျင်ကို ဆိုးရွားစွာထိခိုက်စေသဟည့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရန် မင်းအောင်လှိုင်တာဆူန

Author လင်းခိုင်
Categories
Published on Dec 14, 2022

 

မြစ်ဆုံစီမံကိန်း အပါအဝင် သဘာ၀ပတ်၀န်းကျင်ကို ဆိုးရွားစွာထိခိုက်စေသည့် အကြီးစား ရေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရန် မင်းအောင်လှိုင် တာဆူနေကြောင်း သိရသည်။

မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၃ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ရေအားလျှပ်စစ်စီမံကိန်းများ ပြန်လည် အကောင်အထည်ဖော်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မင်းအောင်လှိုင်က ရေအားလျှပ်စစ်လုပ်ချင်တယ်လို့ပြောလာတာက သူစပြီးအာဏာသိမ်းထဲကပြော လာခဲ့တဲ့စကား၊ နိုင်ငံနဲ့ ပြည်သူအပေါ် စေတနာရှိလို့ လုပ်မယ် ပြောတာ မဟုတ်ဘူး” ဟု Citizen Action For Transparency မှ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းကပြောသည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်မည်ဆိုပါက မီဂါ၀ပ် လေးသောင်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရကြောင်း၊ ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မင်းအောင်လှိုင်ပြောတာကို မှတ်ချက်ပြုရမယ်ဆိုရင်တော့ လက်တွေ့မကျတဲ့၊ နိုင်ငံတော်ဘဏ္ဍာကို မတရားရယူသုံးစွဲနေစဉ် တာ၀န်မဲ့တဲ့ စကားသာဖြစ်တယ်။ ဒါပေမယ့် ဒီအချိန်မှတော့ တရုတ်အပါအ၀င် ဘယ်နိုင်ငံမှ အကြီးစား ရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး။ တကယ်မရင်းနှီးနိုင်တဲ့ ပြည်တွင်း လုပ်ငန်းရှင်က ဖျာခင်းသလို နေရာဦးထားရင် ပြည်သူ့အစိုးရတက်လာရင် လက်ခံမှာ မဟုတ်ဘူး” အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီး ဦးစိုးသူရထွန်းက ပြောကြားသည်။

လက်ရှိတွင် မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်သည် ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ဆောင်ရန် ဖုန်အင်ခ၊ နမ့်မယ်ဆိုင်၊ နမ့်တဘက်(ကယား)နှင့် အထက်ဆည်တော်ကြီးတို့တွင် ဖြစ်မြောက်နိုင်စွမ်းများကို လေ့လာပြီး တင်ဒါခေါ်ယူမှုများပြုလုပ်နေကြောင်း ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

“ ဘယ်သူတွေလျှောက်မလဲဆိုတော့ တရုတ်ကုမ္ပဏီတွေနဲ့ သူတို့အ၀န်းအဝိုင်းက လူတွေဘဲလျှောက်ကြမှာပေါ့၊ သူတို့အကျိုးအတွက်နဲ့ နိုင်ငံတကာ သူတို့ကိုထောက်ခံမယ့်နိုင်ငံတွေကို ရင်းနှီးမြှုပ်နှ့မှုပေးချင်တာလဲပါတယ်။ မြစ်ဆုံကို ပြန်စရင်တော့ အဲ့ဒီသေမှာရှိတဲ့ EROs တွေဘယ်လိုရပ်တည်မလဲစောင့်ကြည့်ရမယ်ထင်တယ်။ ပြည်သူကတော့ မင်းအောင်လှိုင်တို့ကို အရင်ကလဲမယုံဘူး။ အခုသူဘာလုပ်လုပ်ပြည်သူက ယုံကြည်လက်ခံမှာမဟုတ်ဘူး။ ယုံကြည်စရာလဲမကောင်းဘူး” ဟု ဒေါ်မိုးမိုးထွန်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် အထင်ရှားဆုံး ရေအားလျှပ်စစ်စီမံကိန်းတစ်ခုသည် မြစ်ဆုံစီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းကို ဦးသန်ရွှေ၏ စစ်အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယင်းစီမံကိန်းကို ရပ်နားထားခဲ့ကာ၊ လက်ရှိတွင် မင်းအောင်လှိုင်က ယင်းစီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးစားခြင်းများပြုလုပ်လျက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စက်ရုံ ၂၇ ရုံအထိရှိပြီး မီဂါ၀ပ် ၂၈၀၀ ကျော်အထိ ထုတ်လုပ်လျက်ရှိသည်။

အကြီးစားရေအားလျှပ်စစ်စီမံကိန်းများသည် ရေစီးကြောင်းပြောင်းလဲခြင်းကြောင့် ဂေဟစနစ်ပျက်ဆီးခြင်း၊ သစ်တောများပြုန်းတီးခြင်းတို့ကြောင့် သဘာ၀ပတ်၀န်းကျင်ပညာရှင်များက ဝေဖန်များပြုလုပ်လျက်ရှိပြီး၊ ရေအားလျှပ်စစ်စီမံကိန်းများအစား၊ လေအားလျှပ်စစ်နှင့် ဆိုလာစွမ်းအင်များကိုသာ အသုံးပြုရန် ထောက်ပြမှုများ ရှိသည်။
ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရေအားလျှပ်စစ် #သဘာဝပတ်ဝန်းကျင် #မြစ်ဆုံ