နှစ်ကိုယ်တူချစ်သမျှသီချင်းဖန်တီးရှင် တေးရေးဆရာကြီး မြို့မကိုပေါ ကွယ်လွန်

Author CJ Platform
Categories
Published on Aug 29, 2022

🖋အောင်နိူင်သူ
သင်္ကြန်မိုးရုပ်ရှင်ကားကြီး၏ ဂီတမှူး၊ နှစ်ကိုယ်တူချစ်သမျှ သီချင်းဖန်တီးသူ တေးရေး မြို့မကိုပေါသည် ယမန်နေ့ညပိုင်းက ကွယ်လွန်သွားသည်ဟု မန္တလေးမြို့၊ ဂီတအသိုင်းအဝိုင်းမှ သိရသည်။
ဆရာကြီး မြို့မကိုပေါသည် ဩဂုတ်လဆန်းပိုင်းက ပုလင်းဝင်းရပ်ရှိ နေအိမ်တွင် စန္ဒရားတီးပြီး အထ ခုံချော်၍အောက်ကို လဲကျကာ လဲကျသည့်ခုံက ပေါင်ကို ပြန်ပိသဖြင့် ပေါင်ရင်းကနေ ကျိုးသွားခဲ့တာဖြစ်သည်ဟု မြန်မာဂီတပညာရှင်တစ်ဦးကပြောသည်။
“ပေါင်ကျိုးပြီး ကျန်းမာရေးထိခိုက်လာတာ အရင်ကလည်း နှလုံးရောဂါအခံရှိတော့ ပိုဆိုးတာပေါ့ မန်းမှာရှိနေတဲ့ ဂီတအသိုင်းအဝိုင်းကလည်း ဆရာ့ကို ကူညီကြတယ် ည ၁၂နာရီကျော်က ဆုံးသွားတာပါ”ဟု ပြောသည်။
ဆရာကြီးမြို့မကိုပေါကို ၁၂၈၉ တွင် အဖ ဦးပေါ်၊ အမိ ဒေါ်လှ တိုက မန္တလေး၊ ဒါးတန်းရပ်၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးကျော်စိုးဖြစ်သည်။
အသက် ၂၄-နှစ်အရွယ်တွင် မြို့မတူရိယာဝိုင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ စတင်၍ ဂီတလောကသို့ ရောက်ရှိခဲ့တာဖြစ်သည်။
မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၄၉-ခုနှစ်မှ သီချင်းများ စတင်ရေးသားခဲ့ပါသည်။
၁၉၆၁-ခုနှစ်အတွက် ကိုယ်ပိုင်မေတ္တာဇာတ်ကားဖြင့် ဓာတ်ပုံထူးချွန်ဆုကို ဦးလူကလေးနှင့် ပူးတွဲရရှိခဲ့ပါသည်။
သင်္ကြန်မိုး ရုပ်ရှင်ကား (၁၉၈၅)မှ နှစ်ကိုယ်တူ ချစ်သမျှ သီချင်းနှင့် ဒဏ္ဍာရီ(၁၉၉၁) ရုပ်ရှင်ကားမှ အောင်ဇေ မင်္ဂလာ သီချင်းများမှာ အထူးထင်ရှားခဲ့သည်။
မှော်ဝင်ဂီတပညာရှင်ကြီးတစ်ဦးဟု တင်စားခံရတဲ့ ဆရာကြီးမြို့မကိုပေါ ကိုယ်တိုင်ရေးစပ်ခဲ့သည့်သီချင်များအနက် “ချစ်အာရုံ၊ နှစ်ကိုယ်တူချစ်သမျှ၊ ပန်းမျိုးတရာ၊ တူးပို့၊ ချစ်မဏ္ဍိုင်၊ နှုတ်ခွန်းဆက်သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲ နှစ်ယောက် ထဲ၊ မောင်မယ်တိုနှစ်ဦး၊ မခွဲတမ်းကြင်မယ် စသည့် သီချင်းများမှာ ထင်ရှားသည်။
ဆရာကြီးမြို့မကိုပေါ ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာဂီတလောကအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်ဟု ဂီတအသိုင်းအဝန်းက သတ်မှတ်နေကြသည်။

Related News

Depend on news