တိုင်းပြည်ချစ်စိတ်ဖြင့် စက်သုံးဆီသုံးစွဲရန် မလိုသည့် စက်ဘီးစီးရန် မင်းအောင်လှိုင်ပြော

Author လင်းခိုင်
Categories
Published on Dec 14, 2022

 

တိုင်းပြည်ချစ်စိတ်ဖြင့် စက်သုံးဆီသုံးစွဲရန် မလိုအပ်သည့် စက်ဘီးစီးရန် အကြမ်းဖက်စစ်ခေါင်းဆောင်၊ မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၃ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က စက်သုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာ ကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံးဆီများကို တတ်နိုင်သမျှ ချွေတာသုံးစွဲရန်လိုကြောင်း ပြောကြားသည်။

စက်သုံးဆီသုံးစွဲရန် မလိုအပ်သည့် စက်ဘီးကဲ့သို့သော ယာဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုကြောင်း၊ ကုန်စည်ပို့ဆောင်ရာတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်းများစွာကို ပို့ဆောင်နိုင်သည့် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဟု မင်းအောင်လှိုင်ကပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံအာဏာကို မတရားလုယူပြီးနောက် ပြည်ပမှ ချေးငွေနှင့် အထောက်အပံ့များရရှိမှု မရှိသော်လည်း ပြည်ပချေးငွေများကို ပြန်လည်ပေးဆပ်လျက်ရှိကာ၊ ယခုနိုင်ငံစီးပွားရေး အထိုက်အလျောက် ပြန်လည်မြင့်တက်လာပြီဟု မင်းအောင်လှိုင်ကပြောသည်။

ယင်းအပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှုစီးပွားရေးကိုအားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ပြည်တွင်းစီးပွားရေးအားပေးရန်၊ ပြည်ပသွင်းကုန် အစားထိုးရန်နှင့် ပြည်ပ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။

ကုန်စျေးနှုန်းမြင့်တက်ခြင်းသည်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ သယ်ဆောင်မှု စရိတ်မြင့်မားခြင်း၊ ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတမှုမရှိခြင်းများကြောင့် ဖြစ်သည်ဟုလည်း မင်းအောင်လှိုင်က ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #စက်သုံးဆီ #စက်ဘီး