မုဒိန်းမှု၊ လိင်အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို အဓိကကျူးလွန်သည့် စစ်ကောင်စီ၏ တပ်မ ၃၃ ၊ ၉၉နှင့် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးကို ယူကေမှ ဒဏ်ခတ်ပိတ်ဆို့

Author လင်းခိုင်
Categories
Published on Dec 09, 2022

 

မုဒိန်းမှု၊ လိင်အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို အဓိက ကျူးလွန်သည့် စစ်ကောင်စီ၏ ခြေမြန်တပ်မ ၃၃ ၊ ၉၉ နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ယူကေအစိုးရမှ ယနေ့(ဒီဇင်ဘာ ၉ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့) တွင် ဒဏ်ခတ် ပိတ်ဆို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများအတွက် တာ၀န်ရှိသည့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ မြန်မာစစ်တပ်၏ ခြေမြန်တပ်မ (LID) ၃၃ နှင့် ခြေမြန်တပ်မ (LID) ၉၉ တို့ကို ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးသည် စစ်ကြောရေးလုပ်ရာ၌ မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအ၀င် ညှင်းပန်းနှိပ်စက်မှုများကို အဓိကကျူးလွန်သူဖြစ်ကြောင်း၊ ခြေမြန်တပ်မ ၃၃ နှင့် ၉၉ တို့သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်းဖက်ခြင်းအပါအ၀င် အခြားအကြမ်းဖက်မှုများ ကျူးလွန်သည့်အတွက် ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

“လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍတွေမှာ ယူကေနိုင်ငံက ဦးဆောင်သူဖြစ်အောင် လုပ်ပြနိုင်တာကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ မှန်တယ်လို့ ယုံကြည့်တဲ့အရာတွေအတွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ်ရည်တည်နေပါတယ်။ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရမှု နောက်ကွယ်က သူတွေကို တာ၀န်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်ဆောင်သွားမှာပါ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအ၀င် တခြားမြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံရှာထိတ်လန့်ဖွယ် ကျူးလွန်နေသူတွေကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ယူကေနိုင်ငံခြားရေး၀န်ကြီး ဂျိမ်းစ်ကလဲဗာလီက ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာမိတ်ဖက်များနှင့် ညှိနှိုင်းပြီး ဒဏ်ခတ်ပိတ်ဆို့မှုများသည် ကမ္ဘာတဝှမ်းရှိ အကျင့်ပျက်ခြစားသူများ၊ လူ့အခွင့်အရေးချိုးဖောက်သူများ၊ လိင်အကြမ်းဖက်မှု ကျူးလွန်သူများကို ပစ်မှတ်ထားအရေးယူသည့် ကမ္ဘာလုံးဆိုင်ရာ အရေးယူတုံ့ပြန်မှုပုံစံကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကေအစိုးရအနေဖြင့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ တာ၀န်ရှိသူ လူပုဂ္ဂိုလ် ၃၀ ဦးနှင့် အဖွဲ့အစည်း ၂၃ ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #UK #ပိတ်ဆို့ဒဏ်ခတ်မှု