အာဏာသိမ်းသည့်အချိန်မှ ယခုနှစ် သြဂုတ်လ ၂၅ရက်အထိ စစ်ကောင်စီ မီးရှို့ဖျက်ဆီးသည့်နေအိမ် ၃သောင်းနီးပါးရှိ

Author CJ Platform
Categories
Published on Aug 27, 2022

🖋လင်းခိုင်
၂၀၂၁ဖေဖော်ဝါရီလ ၁ရက်နေ့မှ ယခုနှစ်သြဂုတ်လ ၂၅ရက်နေ့ထိ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူများ၏ နေအိမ်စုစုပေါင်း ၂၈၄၃၄လုံးထိရှိကြောင်း Data For Myanmarက ယနေ့ထုတ်ပြန်ထားသည်။
နေအိမ် မီးရှို့ဖျက်ဆီးခံရမှုတွင် စစ်ကိုင်းတိုင်း၌ နေအိမ် ၂၀၁၅၃လုံးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းတွင် ၅၄၁၈လုံးမီးရှို့ခံရပြီး ဒုတိယအများဆုံးဖြစ် ကာ ချင်းပြည်နယ်တွင် ၁၄၇၄လုံးဖြင့် တတိယအများဆုံးဖြစ်သည်။
ထို့ပြင် နေအိမ်များမီးရှို့ခံရသည့်အခြားပြည်နယ်နှင့်တိုင်းများတွင် ကယားပြည်နယ်၌ ၄၁၈လုံး ကချင်ပြည်နယ်၌ ၄၀၅လုံး မွန်ပြည်နယ်၌ ၂၂၁လုံး ရှမ်းပြည်နယ်တောင်ပိုင်း၌ ၁၃၂လုံး တနသ်ာရီတိုင်းတွင် ၉၈လုံး မန္တလေးတိုင်းဒေသကြီးတွင် ၇၅လုံး ပဲခူးတိုင်းဒေသကြီးတွင် ၄၃လုံးနှင့်ကရင်ပြည်နယ်တွင် ၇လုံးဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဟုတ်ပါတယ်။အာဏာသိမ်းပြီးထဲက အခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ထိ စာရင်းပါ”ဟု Data for Myanmar ကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလ၊ မေလနဲ့ ဇွန်လ (၃)လဟာ နေအိမ်ပျက်စီးမှုအရေအတွက် အများဆုံးလများဖြစ်ခဲ့ပြီး အဆိုပါ ၃ လအတွင်း နေအိမ်ပေါင်း ၁၅,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရကာ မကွေးတိုင်းတွင် ယခု ဩဂုတ်လ တစ်လအတွင်း နေအိမ်ပေါင်း ၁၃၀၀ ကျော်မီးရှို့ခံရပြီး ယခင်လများနှင့် နှိုင်းယှဥ်ပါက အရေအတွက်အများဆုံးလဖြစ်ခဲ့ကြောင်း Data For Myanmarက ထုတ်ပြန်ထားသည်။
အချက်အလက်များရရှိရန်အတွက် အများပြည်သူသိရှိပြီးဖြစ်သည့် သတင်းမီဒီယာများနဲ့ ဒေသဆိုင်ရာ သတင်းမှန်ပြန်ကြားရေးအဖွဲများက ဖော်ပြခဲ့သည့် တိုက်ပွဲသတင်းများနှင့် နေအိမ်မီးရှို့ခံရသည့် သတင်းများကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီထားကြောင်း သတင်းဌာနတစ်ခုချင်းစီက မတူညီသည့် အရေအတွက်များကို cross-check လုပ်ပြီး စိစစ်ကြောင်း ဒေသခံ လူအခွင့်အရေးအဖွဲ့များနှင့် စစ်ဘေးရှောင်များကို ကူညီပေး နေသည့်အဖွဲ့များက ထုတ်ပြန်သော စာရင်းများနှင့်လည်း တိုက်ဆိုင်စစ်ဆေးကြောင်း မီးရှို့ခံရမှုဖြစ်စဉ် ဖြစ်ပွားသည်ကို သိရှိသော်လည်း အရေအတွက်နှင့် နေ့စွဲ မပြည့်စုံသည့် အချက်အလက်များ ချန်ထားခဲ့သဖြင့် မြေပြင်နှင့်နီးစပ်သည့် အဖွဲ့များ၏အချက်အလက်များ၏ အရေအတွက်မှာ ပိုများနိုင်ကြောင်း Data for Myanmarက ထုတ်ပြန်ထားသည်။