လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမားများထံမှ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ကောက်ယူမှုများရှိနေ

Author ခေတ်နီ
Categories
Published on Nov 30, 2022

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်များအတွင်းရှိ စက်ရုံများတွင် စစ်ကောင်စီက အလုပ်သမားများထံမှ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများကို ကောက်ယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စက်ရုံများတွင် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ အလုပ်သမားများထံမှ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများကို အလုပ်ရှင်ဘက်မှ ကောက်ယူမှုများ ရှိနေခဲ့တာပဲ ဖြစ်သည်။

“အမတို့သိသလောက် ပြီးခဲ့တဲ့လကတည်းက ကောက်တာ ဘာလို့ကောက်တယ်ဆိုတာတော့ တိတိပပမပြောဘူး အလုပ်ရှင်က မန်နေဂျာ စူပါတွေကနေတဆင့် ကောက်နေတာ”ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWMမှ တာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ပြောသည်။

ထို့သို့စက်ရုံများအတွင်း သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း သန်းခေါင်စာရင်းတွင် ပါဝင်သည့် မိသားစုဝင်များသည် မြို့နယ်တွင်းနေထိုင်နေသည်ကိုပါ မေးမြန်းမှုများပါရှိနေကြောင်းနှင့် ယခုလုပ်ရပ်သည် စစ်ကောင်စီမှ ကျင်းပမည့်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်းလဲ ပြောဆိုမှုများ ရှိနေသည်။

ထို့အပြင် လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင်လည်း စစ်ကောင်စီခန့် ရာအိမ်မှူး ဆယ်အိမ်မှူးများမှ သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုများနှင့် သန်းခေါင်စာရင်းမရှိသည့် အိမ်ထောင်စုများအား သန်းခေါင်စာရင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။