သယံဇာတစီမံအုပ်ချုပ်မှုမှ တော်လှန်ရေးအတွက် ၀င်ငွေအထောက်အကူရလာကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Nov 29, 2022

 

သယံဇာတစီမံအုပ်ချုပ်မှုမှ တော်လှန်ရေးအတွက် ၀င်ငွေအထောက်အကူရလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းကပြောကြားသည်။

နို၀င်ဘာ ၂၈ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် အဖွဲ့ဥက္ကဌဖြစ်သူ ပြည်ထောင်စု၀န်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးချုပ်က တော်လှန်ရေး ၂နှစ်နီးပါးကာလအတွင်း ပြည်သူလူထု၏ ထောက်ခံအားပေးမှု များကြောင့် တော်လှန်ရေးရေချိန် မြင့်တက်လာနိုင်တာဖြစ်ပြီး နယ်မြေစိုးမိုးမှုအားကောင်းသည့် ဒေသများတွင် ပြည်သူဗဟိုပြု သယံဇာတ စီမံအုပ်ချုပ်မှု လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် လာနိုင်ခြင်းဖြစ်ကြောင်း၊ သယံဇာတအုပ်ချုပ်မှုမှ တော်လှန်ရေးအတွက် ၀င်ငွေအထောက်အကူရလာခြင်းသည် သယံဇာတလုပ်ငန်းများ ဆောင်ရွက်သူ ဓမ္မဘက်တော်သား တိုင်းပြည်ရတနာလုပ်ငန်းရှင်များ၏ တိုင်းပြည်အပေါ် စေတနာထားကာ တာ၀န်သိစိတ်နှင့် ချစ်မြတ်နိုးစိတ်တို့ကို မြင်တွေ့နိုင်ကြောင်း ပြောကြားသည်။

ထို့ပြင် သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ကွပ်ကဲမှုဖြင့် သယံဇာတ လုပ်ငန်း စီမံအုပ်ချုပ်သူ မြို့နယ်အဖွဲ့များနှင့် သယံဇာတ လုပ်ငန်းဆောင်ရွက်သူ ပြည်သူတို့အကြား ဟန်ချက်ညီညီ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ကာ အောင်မြင်မှုများရရှိလာသောကြောင့် ပြည်သူအားလုံး၏ တော်လှန်ရေးအောင်မြင်လိုစိတ် ပြင်းပြမှုနှင့် ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရုံသာမက ကျေးဇူးတင်ဂုဏ်ယူကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

မြေပြင်စီမံအုပ်ချုပ်သူများအနေဖြင့် မိမိဒေသမှ ထွက်ရှိသည့် သယံဇာတမှ ရရှိလာသည့် ၀င်ငွေကို လက်ရှိတော်လှန်ရေးအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ကာကွယ်တားဆီးနိုင်ရေးအတွက် လိုအပ်သည့် နေရာများတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျသုံးစွဲရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းထားသည်။

ဆက်လက်ပြီး စိုးမိုးနယ်မြေများတိုးချဲ့လာနိုင်သည်နှင့်အမျှ သယံဇာတစီမံအုပ်ချုပ်ရေးနည်းလမ်းများနှင့် နည်းပညာပံ့ပိုးမှုများကို သက်ဆိုင်ရာ နယ်မြေအလိုက် ကူညီပံ့ပိုးပေးကြရန်လိုအပ်ကြောင်း၊ ထို့မှသာ တိုးချဲ့စိုးမိုးနယ်မြေများအနေဖြင့် သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ပြီး လုပ်ငန်းမြန်ဆန်သွက်လက်လာမည်ဟု ယင်းကဆိုသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း