ပုသိမ်ကြိုးတံတားအောက်တွင် သမီးရည်းစားစုံတွဲကို သတ်၍ ပစ္စည်းလုသူနှစ်ဦးကို သေဒဏ်ချ

Author ကိုပေါက်
Categories
Published on Nov 25, 2022

ပုသိမ်မြို့ ပုသိမ်တံတား အမှတ်(၁) ကြိုးတံတားအောက်တွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကို သတ်၍ ပစ္စည်းလုသူ အမျိုးသားနှစ်ဦးကို ပုသိမ်ခရိုင်ရုံးမှ ယမန်နေ့က သေဒဏ်ချ၍ ပစ္စည်းထုခွဲရောင်းချပေးသူ အမျိုးသမီးကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်က ပုသိမ်ကြိုးတံတားအောက်တွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကိုသတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ လုယူခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

“၁ နှစ်ကျော်ကြာတယ် ရဲတွေက အလုပ်ကို ထိရောက်အောင်မလုပ်တော့ အမှုစစ်တာ ကြာသွားတာ သတ်တဲ့အမျိုးသားနှစ်ဦးက သေဒဏ် ပစ္စည်းထုခွဲရောင်းချပေးတဲ့အမျိုးသမီးက ထောင် ၂ နှစ်”ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူ ကိုကျင်အောင်ထွေး၊ ကိုချစ်မင်းလူတို့နှစ်ဦးအား ပုဒ်မ ၃၉၄/၃၀၂ အရ သေဒဏ်ချမှတ်ခဲ့ပြီး ပစ္စည်းထုခွဲရောင်းချပေးသူ မထက်ထက်မိုးဦး ကိုထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့သည်ဟု ခရိုင်တရာရုံးမှ သိရသည်။

ပုသိမ်မြို့ ကမ်းနာလမ်းမှ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို သတ်ဖြတ်ပြီး ပစ္စည်းလုယူခဲ့သည့်အမျိုးသားတစ်ဦးလည်း စက်တင်ဘာ ၂၃ ရက်က ပုသိမ်ခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #ပုသိမ်မြို့ #ကြိုးတံတား #လူသတ်မှု