စစ်ကောင်စီမှ နေအိမ်များဖျက်ဆီးမှုကြောင့် မိမိကိုယ်ကို အသက်ဆုံးပါးစေရန် လုပ်ဆောင်သူများ ရှိလာ
မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုရှိ စံသမာဓိ၊ မြဝတီစိုက်ခင်း၊ ဓမ္မပါလ၊မြဲမြံအောင်နှင့် ဂုံညှင်းနီရပ်ကွက်မှ အိမ်ခြေတစ်သောင်းကျော်ကို စစ်ကောင်စီက ဖိအားပေးဖျက်ခိုင်း၍ မိမိကိုယ်ကို အဆုံးစီရင်သူအချို့ ရှိခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။
စစ်ကောင်စီက ပျဉ်းမပင် စက်မှုဇုန်ဧရိယာ ၅၆၀.၀၆ ဧကခန့်ရှိ မြေပေါ်တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေထိုင်သည်ဟုဆိုကာ တစ်ပတ်အတွင်းဖယ်ရှားပေးရန် နိုဝင်ဘာလ ၁၁ ရက်က စာထုတ်ပြီးနောက် ယခုလို အဆုံးစီရင်မှုတွေ ဖြစ်လာသည်ဟု စံသာဓိရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။
“ကျနော်သိသလောက် မြဲမြံအောင်ရပ်ကွက်မှာ တစ်ယောက် မြဝတီစိုက်ခင်းမှာတစ်ယောက် နှစ်ယောက်ပေါ့ အလုပ်မရှိ နေအိမ်ကဖျက် ပြောင်းရွေ့ဖို့ ငွေကြေးကမရှိ အဲ့ဒါတွေကြောင့် စိတ်ညစ်ပြီး ကြိုးဆွဲချသေတာ၊ ဒီကောင်တွေ အုပ်စိုးနေသ၍ ဆက်ဖြစ်နေမှာပဲ”ဟု ပြောသည်။
အဆိုပါရပ်ကွက်ငါးခုမှာရှိ အိမ်ခြေတစ်သောင်းကျော်ကို နိုဝင်ဘာ ၁၈ ရက်က စတင်ဖျက်ခိုင်းခဲ့ပြီး နိုဝင်ဘာလ ၂၂
ရက်အထိ စစ်ကောင်စီက တိုးမြှင့်သတ်မှတ်ပေးထားသည်ဟု မြဲမြံအောင်ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။
“အခက်အခဲက ပြောရရင် အများကြီးပဲ အိမ်ဖျက်ဖို့ ကားငှားတာ ကားခတွေစျေးကြီးသွားတယ် ပြီးအဆောင်ဌားနေဖို့ အဆောင်ခတွေစျေးကြီးသွားတယ် ကျနော်တို့ကို ကျူးဆိုပြီး သတ်မှတ်လိုက်တော့ အချို့ရပ်ကွက်တွေက ဧည့်စာရင်းမပေးဘူး”ဟု ပြောသည်။
ဖျက်သိမ်းရသည့်အထဲတွင် သိန်းထောင်ချီတန်ဖိုးရှိသည့် တိုက်တာအဆောက်အဦးများလည်း ပါဝင်သည့်အပြင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနိက အဆောက်အအုံများလည်း ပါဝင်သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်တွင် အိမ်ခြေတစ်ရာကျော်ကို စစ်ကောင်စီက ကျူးကျော်ဟုဆိုပြီး ဖျက်သိမ်းခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မင်္ဂလာဒုံမြို့နယ် #ကျူးကျော်