ရခိုင်မှာ စပါးစျေးမြင့်တက်နေပေမယ့် အထွက်နှုန်း ထက်ဝက်ခန့်ကျဆင်း
ရခိုင်မှာ သက်ငယ်စပါး ရိတ်သိမ်းချိန်ရောက်လာပြီး စပါးဈေးကောင်းရနေပေမဲ့ အထွက်နှုန်း သိသိသာသာ လျော့ကျနေတဲ့အတွက် တောင်သူတွေဟာ မျှော်မှန်းထားသလောက် အကျိုးအမြတ်မရရှိကြောင်း ဒေသခံလယ်သမားတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
လက်ရှိမှာ သက်ကြီးစပါး (ဒေသအခေါ် ကောက်ကြီးစပါး) တွေ မပေါ်သေးဘဲ အရင်ဆုံးရိတ်သိမ်းနေတဲ့ သက်ငယ် ပေါ်ဆန်းမွှေး (ဒေသအခေါ် ကောက်ချေစပါး) ဟာ စပါးတောင်း ၁၀၀ ကို ကျပ် ၁၃ သိန်းဝန်းကျင်အထိ ဈေးပေါက်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလက ဈေးနှုန်းဖြစ်တဲ့ ကျပ် ၇ သိန်းထက် နှစ်ဆနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စိုက်ပျိုးရာသီအတွင်း မိုးရွာသွန်းမှု ပုံမှန်မဟုတ်တာနဲ့ ဓာတ်မြေဩဇာ လုံလောက်စွာ မသုံးစွဲနိုင်တာတွေကြောင့် စပါးပင်ဖြစ်ထွန်းမှု အားနည်းခဲ့ပြီး အထွက်နှုန်း ကျဆင်းခဲ့တာလို့ သိရပါတယ်။
ဒေသအခေါ် လယ်ဝါးတစ်ရာမှာ ယခင်နှစ်တွေက စပါးတောင်း ၁၀၀ ကနေ ၁၃၀ အထိ ထွက်ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ စပါးတောင်း ၆၀ ဝန်းကျင်သာ ထွက်ရှိတော့တယ်လို့ မြောက်ဦးမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
ဒီနှစ်မှာ စပါးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျသွားတဲ့အပြင် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ ထွန်ယက်စရိတ်နဲ့ ရိတ်သိမ်းစရိတ်တွေ မြင့်တက်ခဲ့တာကြောင့် စပါးဈေးကောင်းရပေမဲ့ ကုန်ကျစရိတ်နဲ့ တွက်ခြေကိုက်ဖို့ ခက်ခဲနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
“ဒီနှစ်က စပါးဈေးကောင်းရတယ်လို့ ပြောရမယ်။ တစ်ရာကို ၁၃ သိန်းရတယ်ဆိုတော့။ ဒါပေမဲ့ စပါးက အထွက်မကောင်းဘူး။ ပြီးခဲ့တဲ့နှစ်က စပါးမထွက်ဘူးလို့ ပြောရင်တောင် ဝါးကျ (တောင်း ၁၀၀) လောက်ရတယ်။ အခုက တောင်း ၆၀ လောက်ပဲရတယ်။ လုပ်ခတွေ၊ စက်ခတွေ ဖယ်ရင် ဘာမှကျန်မှာမဟုတ်ဘူး။ ဒီနှစ်က ရေခန်းသွားလို့ စက်နဲ့ ရေတင်လိုက်ရတယ်လေ။ ကောက်ကြီးတွေဆိုရင် ခုထိ ရေတင်နေရတုန်းပဲ” လို့ မြောက်ဦးမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ သက်ငယ်စပါးတွေကိုသာ ရိတ်သိမ်းနေကြရသေးပြီး လာမယ့်လပိုင်းအတွင်း ထွက်ရှိလာမယ့် သက်ကြီးစပါးတွေမှာလည်း ရာသီဥတုဒဏ်ကြောင့် အထွက်နှုန်း ထပ်မံကျဆင်းမှာကို ဒေသခံတောင်သူတွေက စိုးရိမ်နေကြပါတယ်။
