ရိုဟင်ဂျာများအပြင် တိုင်းရင်းသားလူနည်းစုအပေါ်ကိုလည်း စစ်ကောင်စီမှ စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း EU ထုတ်ပြန်
*လင်းခိုင်
စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အပါအဝင် ထိတ်လန့်စရာကောင်းသည့် ရာဇ၀တ်မှုများကို ရိုဟင်ဂျာများအပြင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားလူနည်းစုများအပေါ် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်လျက်ရှိကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရိုဟင်ဂျာများကို စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင်သည် ယနေ့ မြန်မာစစ်အစိုးရကို ဦးဆောင်နေကြောင်း ၂၀၂၁ ဖေဖော်ဝါရီ တစ်ရက်မှစတင်အာဏာသိမ်းပြီးနောက် စစ်တပ်မှ ပြည်သူအားလုံးအပေါ် ကျူးလွန်ခဲ့သည်ကို ဥရောပသမဂ္ဂမှ ပြင်းထန်စွာရှုတ်ချသည်ကို ထပ်လောင်းပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ပြတ်သားစွာထောက်ခံသည်ဟု ထုတ်ပြန်ထားသည်။
ရိုဟင်ဂျာဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်ရေးနှင့် ၎င်းတိုအပေါ် စစ်တပ်မှ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ခံမှုအပြည့်အဝရှိစေရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကို ဆက်လက်အားဖြည့်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများမှ ထိခိုက်ခံစားရလျက်ရှိသည့် ဖိနှိပ်မှုများ အပါအဝင် ရှည်လျားသော ပဋိပက္ခ၏ မူလဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းခြင်းက နိုင်ငံတကာ ဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် ဆက်ရှိနေရမည်ဖြစ်ပြီး ဥရောပသမဂ္ဂသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ လုပ်ဆောင်မှုများကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-CJ