မန်းမှာ နေ့ခင်းကြောင်တောင် လက်ပစ်ဗုံး သေနတ်တွေကို အသုံးပြုပြီး ဓားပြတိုက်မှုကြောင့် ၃ ဦး သေနတ်ကျည်ထိမှန် သေဆုံး၊ တရားခံများ လွတ်မြောက်နေဆဲ
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေအဆင်းလမ်းရှိ ထာဝရဖုန်းဆိုင်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဓားပြတိုက်မှုအတွင်း ဆိုင်ရှင် ဦးအောင်မျိုးသန့်အပါအဝင် ၃ ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာ ရန်ကင်းတောင်ခြေအဆင်းလမ်းရှိ ထာဝရဖုန်းဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ဓားပြအဖွဲ့က ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ဆိုင်ရှင် ဦးအောင်မျိုးသန့်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းကျည်ထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓားပြအဖွဲ့ဟာ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားတဲ့အတွက် ဆိုင်ရှင်ရဲ့ ဦးလေးတော်စပ်သူ ဦးမောင်နဲ့ ဦးဖေလုံးတို့က ကားနဲ့ လိုက်လံဖမ်းဆီးခဲ့ရာ ဓားပြအဖွဲ့က ကားကို သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် ကားအတွင်းကို လက်ပစ်ဗုံးနဲ့ပါ ပစ်ပေါက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ပေါက်ခဲ့တဲ့ လက်ပစ်ဗုံးဟာ ပေါက်ကွဲခြင်းမရှိခဲ့ပေမဲ့ ကားပေါ်ပါလာသူတွေ သေနတ်ကျည်ထိမှန်ခဲ့ပြီး နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ တစ်ဦးဟာ ပစ်ခတ်ခံရပြီးနောက် အသက်ရှင်နေသေးတာကြောင့် ဆေးရုံမှာ ကုသမှုခံယူခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေ့ခင်းကြောင်တောင်ကြီးပါ တကယ်ကို ကြောက်ဖို့ကောင်းတယ် ဓားပြတွေ ထွက်ပြေးတာကို လိုက်မိလို့ လက်ပစ်ဗုံးနဲ့ရော သေနတ်နဲ့ပါ ပြန်ပစ်တယ်ဆိုတာ အရင်က နိုင်ငံခြားကားတွေထဲပဲ ကြည့်ဖူးတာ အခု မန္တလေးလိုလို့ မြို့မှာပါ ဖြစ်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းနဲ့ ကန်လယ်လမ်းအနီးကို စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အားအများအပြား ရောက်ရှိလာပြီး စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့သလို မသင်္ကာသူတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ်က ထာဝရဖုန်းဆိုင်ဓားပြမှုနဲ့ ချမ်းအေးသာစံမြို့နယ်က ဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရမှုတွေဟာ ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကျူးလွန်သူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
