ရုံးပိတ်ရက်မှာတောင် လူစည်ကားမှုနည်းနေတဲ့ ဗိုလ်ချုပ်ဈေး ရာပြည့်ပွဲတော်

Author CJ Platform
Categories
Published on Oct 10, 2026

ရန်ကုန်မြို့က ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်မှာ ရုံးပိတ်ရက်ဖြစ်တဲ့ စနေနေ့မှာတောင် လာရောက်သူ နည်းပါးနေပြီး ဆိုင်ခန်းအနည်းငယ်သာ ဖွင့်လှစ်ထားတယ်လို့ ပွဲတော်ကို သွားရောက်ခဲ့သူတွေဆီက သိရပါတယ်။

 

အောက်တိုဘာ ၇ ရက်ကနေ ၁၁ ရက်အထိ ကျင်းပနေတဲ့ ရာပြည့်ပွဲတော်မှာ ပြည်တွင်းထုတ်ကုန်တွေ၊ အထည်အလိပ်၊ လက်မှုပစ္စည်းနဲ့ အစားအသောက်တွေအပါအဝင် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချမယ်လို့ ကြော်ငြာထားပေမဲ့ လက်တွေ့မှာတော့ လူစည်ကားမှုနည်းပါးနေတယ်လို့ သိရပါတယ်။

 

ပွဲတော်ပြီးဆုံးဖို့ တစ်ရက်ပဲ ကျန်ရှိတော့တဲ့ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာလည်း ပွဲတော်ကို လာရောက်သူ နည်းပါးနေပြီး ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေလည်း အနည်းငယ်သာ ရှိတယ်လို့ ပွဲတော်ကို သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

 

“နိုင်ငံခြားကုန်စည် ဘာမှမရှိဘူး၊ ဘယ်ရှိမလဲ သူတို့ပိတ်ထားတာကိုး။ ဆိုင်တွေလည်း နည်းတယ်။ မသိရင် အရင်က ဝင်းသူဇာပြပွဲ ကျနေတာပဲ” လို့ ၎င်းက ပြောပါတယ်။

 

ဗိုလ်ချုပ်အောင်ဆန်းဈေးဟာ ၁၉၂၆ ခုနှစ်က စကော့ဈေးအဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်ဈေးတစ်ခုဖြစ်ပြီး ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်မြောက်တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ Platform