အမေရိကန်က စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီးကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းက ပယ်ဖျက်

Author CJ Platform
Categories
Published on Oct 10, 2026

စစ်အုပ်စုကို ထောက်ပံ့နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်ရဲ့ သမီး မသိမ့်ဝင်းထက်ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းကနေ အောက်တိုဘာ ၉ ရက်မှာ ပယ်ဖျက်လိုက်ပါတယ်။ မသိမ့်ဝင်းထက်က သူ့ကို ပိတ်ဆို့မှုစာရင်းက ဖယ်ရှားပေးဖို့ တရားစွဲဆိုခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

 

ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်တဲ့ဆုံးဖြတ်ချက်ဟာ အဲဒီဆွေးနွေးမှုတွေနဲ့ ဆက်စပ်မှုရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ ရွှေပြည်အေးကုမ္ပဏီအုပ်စု၊ ကုမ္ပဏီတည်ထောင်သူ ဦးသိန်းဝင်းဇော်နဲ့ မိသားစုဝင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီအချိန်က ကုမ္ပဏီအုပ်စုဟာ စစ်အုပ်စုကိုယ်စား ရေနံထွက်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးပေးနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲခဲ့သလို ဦးသိန်းဝင်းဇော်ရဲ့ မိသားစုဟာ စစ်အုပ်စုနဲ့ နီးကပ်စွာဆက်နွှယ်နေတဲ့ ကုမ္ပဏီ အနည်းဆုံး ၂၀ ကို ပိုင်ဆိုင်ထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

 

မသိမ့်ဝင်းထက်ဟာ အမေရိကန်ရဲ့ အထူးသတ်မှတ်ထားသူများနဲ့ ပိတ်ဆို့ထားသူများစာရင်း (SDN List) ကနေ သူ့ကို ဖယ်ရှားပေးဖို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ ပယ်ချခံခဲ့ရတဲ့ တရားစွဲဆိုမှုအပြင် ၂၀၂၆ ခုနှစ် ဇူလိုင်မှာလည်း ထပ်မံတရားစွဲဆိုခဲ့ပါတယ်။

 

သူ့ရဲ့ တရားစွဲဆိုချက်မှာ ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လက်ရှိတက်ကြွစွာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အမေရိကန်မှာ ပညာသင်ကြားမှု ထိခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်က ခရက်ဒစ်ကတ်တွေ ပိတ်ဆို့ခံရတာ၊ နိုင်ငံခြားဘဏ်စာရင်းတွေ ကန့်သတ်ခံရတာနဲ့ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူဖို့ အခက်အခဲရှိခဲ့တာတွေကိုလည်း တရားစွဲဆိုချက်မှာ ထည့်သွင်းထားပါတယ်။

 

အမေရိကန်အစိုးရက ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပြီးနောက် မသိမ့်ဝင်းထက်ရဲ့ ရှေ့နေ အဲရစ်ခ် ဖာရာရီက ဝါရှင်တန်ဒီစီရှိ အမေရိကန်ခရိုင်တရားရုံးမှာ တရားစွဲဆိုမှုကို မိမိဆန္ဒအလျောက် ရုပ်သိမ်းကြောင်း အကြောင်းကြားစာ တင်သွင်းခဲ့ပါတယ်။ ရှေ့နေဖာရာရီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

 

မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့ကတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။

 

အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ စစ်အုပ်စုက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေချိန်မှာ စစ်အုပ်စုရဲ့ အကျိုးစီးပွားနဲ့ ဆက်နွှယ်သူတွေနဲ့ မိသားစုဝင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားနေတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဝေဖန်ထားပါတယ်။

 

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ သက်ဆိုင်သူတွေရဲ့ အမေရိကန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့နိုင်သလို အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း အဲဒီပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးဆက်ဆံမှု ပြုလုပ်ခြင်းကို ယေဘုယျအားဖြင့် တားမြစ်ထားပါတယ်။

 

ဓာတ်ပုံ – JFM