ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာကို ဒီကနေ့ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မွန်းလွဲ ၁ နာရီခန့်မှာ စစ်အုပ်စုရဲ့ တံတားဦးအခြေစိုက် ဂျက်ဖိုက်တာ ၁ စီးနဲ့ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဒေသခံရဲဘော်တစ်ဦးက “ကန့်ဘလူတောင်ခြမ်း လေကြောင်းတိုက်ခိုက်ခံရတယ်ဗျ၊ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၂ ဦးသေတယ်”လို့ CJ Platform ကို ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ အင်းလယ်ကြီးကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေအပြင် ဒေသခံ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲလည်း မရှိပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကန့်ဘလူခရိုင်ထဲက ပျူဂိတ်ကို ဝင်ပစ်တာ လက်နက်တွေရော ရခဲ့တာရှိတော့ အဲဒီနောက်ဆက်တွဲ ဖြစ်မှာပါ*လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ပျဉ်းတော်ကျေးရွာမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း ကာဘိုင်သေနတ် ၅ လက်၊ ကျည် ၆၁ တောင့်၊ အီကွပ်မန့် ၂ ခု၊ ဖုန်း ၁ လုံးနဲ့ မော်တော်ဆိုင်ကယ် ၅ စီး သိမ်းဆည်းရမိခဲ့တယ်လို့ မူရင်းသတင်းအချက်အလက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အခြားစစ်ရေးအန္တရာယ်တွေကြောင့် ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာအများအပြားက ပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး NUG ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၃ ဦး သေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကိုင်းတိုင်းမှာ ထိခိုက်မှုအများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
