ညောင်ရွှေမှာ လေပြင်းတိုက်ခတ်၍ နေအိမ် ၃၀ ကျော် ပျက်စီး စေတီတစ်ဆူ မိုးကြိုးထိမှန် 

Author CJ Platform
Categories
Published on Sep 28, 2026

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ပျားပင်တောင်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၁ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် လေပြင်းတိုက်ခတ်တာကြောင့် ပျားပင်တောင်ကျေးရွာမှာ နေအိမ်တွေ ပြိုပျက်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မိုးရွာပြီး လေတိုက်လို့ အိမ်တွေအတော်များများ သွပ်တွေလန်တယ်။ တဲအိမ်တွေဆို ပြိုကျတာတွေရှိတယ်။ ထိခိုက်သေဆုံးတာ မရှိဘူး။ အိမ် ၃၁ လုံးတော့ ပြိုသွားတယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

 

ဒါ့အပြင် ကလောနဲ့ တောင်ကြီးမြို့နယ်တွေမှာလည်း စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မြင်းမဟီရွာမှာဆို စေတီတစ်ဆူကို မိုးကြိုးထိသွားတယ်။ တောင်ကြီး-ညောင်ရွှေ ဟော်ကုန်းဘက်မှာ ကျောက်ထင်းရှူးပင်ကြီး ပြိုကျသွားတယ်။ လေက မြို့နယ်အများစုကို တိုက်သွားတာ” လို့ သူက ပြောပါတယ်။

 

ရုတ်တရက် လေပြင်းတိုက်ခတ်မှုနဲ့ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ မိုးလေဝသသတိပေးချက်တွေကို စောင့်ကြည့်နားထောင်သင့်တယ်လို့လည်း အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း ညောင်ရွှေမြို့နယ်၊ ကုန်းပြားကျေးရွာမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်တာကြောင့် ပြောင်းစိုက်ခင်း ဧကရာနဲ့ချီ ပျက်စီးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း ညောင်ရွှေမြို့နယ်၊ ကန်းခေါင်းကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀ ကျော် ပျက်စီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်