ထားဝယ်မှာ ရေကြီးတောင်ပြိုမှုကြောင့် ၁၃ ဦး သေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေ

Author CJ Platform
Categories
Published on Sep 28, 2026

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတစ်ခုလုံးရှိ ကျေးရွာပေါင်း ၆၀ ကျော်မှာ သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ အရပ်သား ၁၃ ဦး သေဆုံးကာ ၃၀ ထက်မနည်း ပျောက်ဆုံးနေကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNC) က စက်တင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

 

ဖြစ်စဉ်တွေကြောင့် လောင်းလုံးမြို့နယ်မှာ ၁၀ ဦး၊ ထားဝယ်မြို့နယ်မှာ ၂ ဦးနဲ့ သရက်ချောင်းမြို့နယ်မှာ ၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး တောင်ပြိုမှုတွေကြောင့် နေအိမ် အနည်းဆုံး ၅၀ ကျော်နဲ့ တံတား ၁၀ စီးဝန်းကျင် ပျက်စီးခဲ့ပါတယ်။

 

ဒါ့အပြင် ထားဝယ်နဲ့ မြိတ်မြို့တွေကို ဆက်သွယ်ထားတဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်က ကညင်ချောင်းကျေးရွာတံတား ပျက်စီးသွားတာကြောင့် ထားဝယ်-မြိတ် ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီး အခြားလမ်းပိုင်းနေရာ အများအပြားမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် ဘေးအန္တရာယ်ရှိတဲ့ နေရာတွေက ပြည်သူတွေအနေနဲ့ ပြောင်းရွှေ့နေထိုင်ကြရန် တိုက်တွန်းထားပြီး ပျောက်ဆုံးသူတွေကို ရှာဖွေရေးနဲ့ လမ်းကြောင်းတွေ ရှင်းလင်းရေးအတွက် ထရက်တာ၊ ဘက်ဟိုး၊ ဘူဒိုဇာနဲ့ ကရိန်း အစရှိတဲ့ စက်ယန္တရားကြီးတွေ လိုအပ်နေပါတယ်။

 

ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

 

အဲဒီ သဘာဝဘေးဖြစ်ပွားရာ ဒေသတွေဟာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ နေရာတွေဖြစ်တဲ့အတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေအနေနဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ (UXO) အန္တရာယ်ကို အထူးသတိပြုကြဖို့လည်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေးနှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – Khing Mar Lwin Facebook