တောင်ကုတ်နဲ့ ကျောက်တော်မှာ ဝက်တွေ ဝမ်းလျှောရောဂါ အဖြစ်များနေပြီး ဝက်မွေးမြူသူတွေ ဆုံးရှုံးမှု ရှိနေ

Author CJ Platform
Categories
Published on Aug 26, 2026

ရခိုင်ပြည်၊ တောင်ကုတ်နဲ့ ကျောက်တော်မြို့နယ်တွေက ကျေးရွာတချို့မှာ ဝက်တွေ ဝမ်းလျှောတာ အပါအဝင် ရောဂါလက္ခဏာတွေ ဖြစ်ပွားနေပြီး ဝက်အကောင်ရေ ရာနဲ့ချီ ထိခိုက်နေသလို သေဆုံးမှုတွေလည်း ရှိလာတယ်လို့ ဝက်မွေးမြူနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

 

တောင်ကုတ်မြို့နယ်က ဝဲကြီး၊ ဝက်ကျိတ်၊ ရွာသစ်၊ ကိုင်းရှည်၊ မှိုဟင်းတောနဲ့ အောင်သုခကျေးရွာတွေနဲ့ ကျောက်တော်မြို့နယ်က နဂူမေ၊ ကုန်းတန်းနဲ့ ဂုတ်ပီထောင့်ကျေးရွာတွေမှာ ဝက်တွေ ရောဂါဖြစ်ပွားမှု များနေပြီး ရောဂါကူးစက်တာလည်း မြန်ဆန်နေတယ်လို့ ဒေသခံတွေက ပြောပြတာပါ။

 

“ဝက်တွေက ဝမ်းရောဂါဖြစ်တာ များနေတယ်။ သေတာတွေလည်း ရှိလာတယ်။ ရွာတွေမှာ တစ်နိုင်တစ်ပိုင် လုပ်တာရှိသလို စီးပွားဖြစ် ဝက်မွေးတာလည်း ရှိတယ်။ ဆိုတော့ ဆုံးရှုံးမှုတွေကတော့ အနည်းအများ ရှိတယ်။ ရောဂါနဲ့သေတော့ လူတွေလည်း ဝက်သား မစားရဲကြဘူး။ အကုန်ပစ်ရမှာဆိုတော့ စိုးရိမ်မှုတွေတော့ ရှိနေကြတာပေါ့” လို့ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာက ဝက်မွေးမြူနေတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

အခုဖြစ်ပွားနေတဲ့ ဝက်ရောဂါရဲ့ လက္ခဏာတွေအနေနဲ့ အစာလုံးဝ မစားတာ၊ ကိုယ်အပူချိန် မြင့်တက်ပြီး ဖျားနာတာ၊ ပါးစပ်က အမြှုပ်တွေထွက်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်ပွားနေတယ်လို့ သိရတာပါ။ ရောဂါဖြစ်ပြီးနောက် တချို့ဝက်တွေဟာ တစ်ပတ်လောက်အကြာမှာ သေဆုံးတာတွေလည်း ရှိလာတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

 

ရောဂါကူးစက်တာ မြန်ဆန်နေတဲ့အတွက် ဝက်မွေးမြူသူတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေတာပါ။ အထူးသဖြင့် တစ်နိုင်တစ်ပိုင် ဝက်မွေးထားတဲ့သူတွေအနေနဲ့ ဝက်တွေ ရောဂါဖြစ်ပြီး သေဆုံးသွားရင် အရင်းအနှီး ဆုံးရှုံးမှု ကြီးမားနိုင်တာကြောင့် အခက်အခဲ ဖြစ်နေကြရပါတယ်။

 

ဝက်တွေ ရောဂါဖြစ်ပြီး သေဆုံးတာတွေ ရှိလာသလို ရောဂါဖြစ်နေတဲ့ ဝက်သားကို စားဖို့ စိုးရိမ်ကြတာကြောင့် ဝက်သား စားသုံးမှုလည်း လျော့နည်းလာတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ဒေသတွင်း ဝက်သားဈေးနှုန်းတွေလည်း ကျဆင်းလာတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

 

ဝက်တွေ ရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုးပေးဖို့ဆိုရင် ဝက်တစ်ကောင်ကို ကျပ် ၃၀,၀၀၀ ကနေ ၄၅,၀၀၀ အထိ ကုန်ကျနေတဲ့အတွက် တစ်နိုင်တစ်ပိုင် ဝက်မွေးမြူထားတဲ့သူတွေအတွက် အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

 

“ဝက်တစ်ကောင်သေရင် သိန်းသုံးလေးဆယ် အသာလေး ဆုံးပြီ။ အခု အခြေအနေကို လာကြည့်ဖို့ အုပ်ချုပ်ရေးဌာနတွေကိုတော့ အကြောင်းကြားထားပါတယ်” လို့ တောင်ကုတ်ဒေသခံ ဝက်မွေးမြူသူတစ်ဦးက ပြောပါတယ်။

 

ဒေသခံတွေရဲ့ ပြောပြချက်အရ ဝက်တွေ ဝမ်းလျှောတာနဲ့ ရောဂါဖြစ်ပွားတာဟာ မိုးရာသီမှာ နှစ်တိုင်း ဖြစ်လေ့ရှိတယ်လို့ သိရပေမယ့် ခုလက်ရှိ ဖြစ်ပွားနေတဲ့ ရောဂါက ဘယ်လို ရောဂါအမျိုးအစားလဲဆိုတာနဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာ တိရစ္ဆာန်ကျန်းမာရေးဌာနတွေက စစ်ဆေးအတည်ပြုထားတာ ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

 

ဓာတ်ပုံ – ပေးပို့