ထိုင်း-မြန်မာ နယ်စပ် အမှတ် (၂) ကုန်သွယ်ရေးဇုန် ပြန်ဖွင့်ပေမဲ့ ထိုင်းကုန်သည်တွေရဲ့ ကုန်စည်တွေ ပိတ်မိနေသေး
ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား အမှတ် (၂) ကုန်သွယ်ရေးဇုန်ကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီလို့ ဆိုပေမဲ့ ထိုင်းနိုင်ငံဘက်ကနေ တရားဝင် စာရွက်စာတမ်း အပြည့်အစုံနဲ့ ပို့ဆောင်တဲ့ ကုန်သည်တွေမှာ ဒီနေ့အထိ ကုန်ပစ္စည်းတွေ လက်ဝယ်ဆီ မရောက်ရှိသေးဘဲ ကြန့်ကြာနေတယ်လို့ ထိုင်းကုန်သည်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သူ အချို့ဆီက သိရပါတယ်။
နယ်စပ် ကုန်သည်တွေဟာ ကုန်သွယ်ကုတ် (Import Code/Licence) တွေ အပါအဝင် တရားဝင် စာရွက်စာတမ်းတွေ ပြုလုပ်ထားတဲ့အပြင် လိုအပ်တဲ့ စရိတ်စကနဲ့ အခွန်အခတွေကို သတ်မှတ်ချက်အတိုင်း ကုန်ကျခံ ပေးချေထားသော်လည်း မြဝတီ-ရန်ကုန် လမ်းကြောင်းတစ်လျှောက် စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှု လွန်စွာ တင်းကြပ်နေတာကြောင့် ကုန်ပစ္စည်းတွေ ပိတ်မိနေတာ ဖြစ်ပါတယ်။
သို့သော် မြန်မာနိုင်ငံ အထက်ပိုင်း လမ်းကြောင်းတွေကနေ ဝင်ရောက်လာတဲ့ တရုတ် ကုန်ပစ္စည်းတွေကိုမူ သယ်ယူစရိတ်နဲ့ လမ်းကြေး ပေးဆောင်နိုင်ပါက အလွယ်တကူ သယ်ယူခွင့်ပြုထားတာကြောင့် ဈေးကွက်အတွင်းဆီ လွယ်ကူစွာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
“ဂိတ်တွေ ပြန်ဖွင့်တယ်ဆိုလို့ ကုန်သွယ်ကုတ်ရော စာရွက်စာတမ်းရော အကုန်လုပ်တယ်။ ပေးရမယ့် ပိုက်ဆံလည်း လိုသလောက် ပေးပြီး သွင်းတာပဲ။ ဒါပေမဲ့ ကုန်ပစ္စည်းက အခုထိလည်း လက်ထဲ မရောက်ဘူး။ တရုတ်ပစ္စည်းကျတော့ လမ်းကြောင်းအမျိုးမျိုးကနေ ရေလိုပဲ အတားအဆီးမရှိ ရောက်အောင် သွင်းလို့ရနေတယ်” လို့ ထိုင်း-မြန်မာ နယ်စပ် ကုန်သည်တစ်ဦးက ပြောပြပါတယ်။
ခုလို တရားဝင် နည်းလမ်းနဲ့ ကုန်စည် ပို့ဆောင်သူတွေ ကုန်ပစ္စည်း မရရှိသကဲ့သို့ ထိုင်း-မြန်မာ နယ်စပ်ဆီ လာရောက် လည်ပတ်သူတွေ အိမ်ပြန်ချိန်မှာ ထိုင်းပစ္စည်းတွေ ဝယ်ယူသွားပါ စစ်အုပ်စု စစ်ဆေးရေးဂိတ်တွေမှာ တင်းကြပ်စွာ စစ်ဆေးနေရတယ်လို့ ခရီးသည်တင် မော်တော်ယာဉ်မောင်းတွေဆီက သိရပါတယ်။
“တချို့ကျတော့ အိမ်အတွက် ပစ္စည်းပို့တာ၊ ဒါမှမဟုတ် ထိုင်းကနေအပြန် ပစ္စည်းဝယ်လာတာမျိုးဆိုရင် စစ်ဆေးရေးဂိတ် ရောက်တဲ့အခါ စစ်လို့ ထိုင်းပစ္စည်းပါတာများရင် စစ်ဆေးရစ်ပွတ်ခံရတယ်။ အိမ်သုံးရုံလောက်ဆိုရင် ပြဿနာမရှိပေမဲ့ ဆိုင်မှာ ပြန်ရောင်းဖို့အထိ ပစ္စည်းတွေ များနေရင်တော့ ဒဏ်ငွေဆောင်ရတယ်၊ ထားခဲ့ရတယ်။ ကျွန်တော်တို့ ကားသမားတွေလည်း မကယ်နိုင်ဘူး” လို့ ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
အဆိုပါ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းခွင့် ကျပ်မတ်ခံနေရမှုကြောင့် ပြည်တွင်း ဈေးကွက်အတွင်း ထိုင်း လူသုံးကုန်တွေ ပစ္စည်း ပြတ်လပ်ကာ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် တရုတ်နိုင်ငံထုတ် အစားထိုး ကုန်ပစ္စည်းတွေကသာ ပိုမို နေရာယူလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်အားတွေ့ရစဉ် (ပုံဟောင်း)
CJ 001
