ရေဘေးသင့်နေစဉ်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၈ ဦး သေဆုံး

Author CJ Platform
Categories
Published on Aug 26, 2026

နိုင်ငံတစ်ဝန်း အဆိုးရွားဆုံး ရေဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ ဩဂုတ် ၈ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၁၆ ရက်တာ ကာလအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈၈ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အထက် လူကြီး ၆၀ ဦးနဲ့ အများဆုံး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင် အချက်အလက်တွေအရ သိရပါတယ်။

 

ရေဘေးသင့်နေစဉ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒေသ ၁၁ ခုမှာ စစ်အုပ်စုက လေကြောင်းကနေ အကြိမ်ပေါင်း ၂၃၉ ကြိမ်အထိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၈၈ ဦး သေဆုံးပြီး ၁၅၇ ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ စုစုပေါင်း ၁၅ ခု ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရတာပါ။

 

လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ပြည်သူ ၈၈ ဦးရဲ့ အသက်အရွယ် အပိုင်းအခြားတွေမှာ အသက် ၁၈ နှစ်အထက် လူကြီး ၆၀ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၁ ဦးနဲ့ အသက်အရွယ် မသိရသူ ၁၇ ဦး ပါဝင်ကြောင်း သိရပါတယ်။

 

စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေထဲကမှ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အများဆုံး တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပြီး မကွေးတိုင်းမှာ အကြိမ် ၉၅ ကြိမ်နဲ့ တိုက်ခိုက်မှု အများဆုံး ခံခဲ့ရကာ အသက် ၁၈ နှစ်အထက် ပြည်သူ ၁၁ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

 

ဒါ့ပြင် စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်မှု ၆၀ ကြိမ် ပြုလုပ်ခံရပြီး ကလေးငယ် ၁ ဦး၊ လူကြီး ၂၂ ဦးနဲ့ အသက်မသိရသူ ၁၄ ဦး၊ စုစုပေါင်း ၃၇ ဦးအထိ သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့ကာ ၅၉ ဦး ဒဏ်ရာ ရရှိခဲ့သလို မန္တလေးတိုင်းမှာ တိုက်ခိုက်မှု ၂၇ ကြိမ် ခံရပြီး အသက် ၁၈ နှစ်အထက် ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

အလားတူ ရခိုင်ပြည်မှာလည်း လေကြောင်း တိုက်ခိုက်မှု ၂၃ ကြိမ်အထိ ခံခဲ့ရပြီး ကလေးငယ် ၆ ဦး အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးကာ ကလေးငယ် ၃ ဦး အပါအဝင် ၄၆ ဦး ဒဏ်ရာ ရရှိခဲ့တာကြောင့် ကလေးငယ် သေဆုံးမှုနဲ့ ဒဏ်ရာ ရရှိမှု အများဆုံး ဒေသ ဖြစ်ခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရတာပါ။

 

ရေဘေးဒဏ်ကို အလူးအလဲ ခံနေရတဲ့ စစ်ကိုင်းတိုင်း အတွင်းက ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေကိုပါ စစ်အုပ်စုက ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း NUG က သတင်း ထုတ်ပြန်ထားပါတယ်။