မြို့နယ် ၂၃ မြို့နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်၊ အကူအညီတွေ ဆက်လက် လိုအပ်နေ

Author CJ Platform
Categories
Published on Aug 19, 2026

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်တမံ၊ ရေလှောင်ကန်တွေက ရေလွှတ်တာတွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ် ၂၃ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အိမ်ထောင်စုပေါင်း ၁၁၁,၆၇၂ စု (လူဦးရေ ၄၇၀,၆၄၈ ဦးခန့်) ထိခိုက် ခံစားနေရကာ သေဆုံးသူ ၂၈ ဦးအပြင် ပျောက်ဆုံးသူ ၂ ဦး ရှိကြောင်း ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ NUG ရဲ့ ရေကြီးရေလျှံမှုဆိုင်ရာ အခြေအနေပြ အစီရင်ခံစာတွေအရ သိရပါတယ်။

 

ရေဘေးသင့် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်း အတွင်းမှာ ရှိနေပြီး လက်ရှိမှာ မိုးဆက်လက် ရွာသွန်းတာတွေ ရှိနေသလို မြစ်ချောင်းတွေရဲ့ ရေမျက်နှာပြင်မှာလည်း အမြင့်ပိုင်းမှာ ရှိနေဆဲ ဖြစ်တာကြောင့် ရေပြန်ကျဖို့ အချိန်တိုအတွင်း မဖြစ်နိုင်သေးကြောင်း ဖော်ပြထားတာပါ။

 

အရေးပေါ် တုံ့ပြန်ရေးအတွက် ကနဦးအနေနဲ့ CSR ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀၊ ပြည်ထောင်စုနဲ့ ယူနစ်အစိုးရတွေဆီက ကျပ်သိန်း ၅၀၀ ရရှိထားကာ အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

 

ဒါ့ပြင် အရေးပေါ် တုံ့ပြန်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဖွဲ့စည်းပြီး တုံ့ပြန် ဆောင်ရွက်မှုတွေကို ပေါင်းစပ် ညှိနှိုင်းပေးနေတဲ့အပြင် ဘေးသင့် ကျေးလက်ဒေသတွေမှာ နယ်လှည့် ဆေးကုသမှုတွေနဲ့ ကျန်းမာရေး အသိပညာပေးတာ၊ လယ်ယာတွေ ပြန်လည် ထူထောင်ဖို့ မျိုးစေ့ ဖြန့်ဝေပေးရေးတို့ကိုပါ ထည့်သွင်း စီစဉ် ဆောင်ရွက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

 

လက်ရှိမှာ အရေးပေါ် အကူအညီပေးရေး၊ ရေရရှိရေးနဲ့ ရောဂါ ကာကွယ်ရေး၊ စိုက်ပျိုးရေး ပြန်လည် ထူထောင်ရေးနဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး စတဲ့ အဆင့် ၄ ဆင့်ပါ ပြန်လည် ထူထောင်ရေး မူဘောင်ကို အဆိုပြုထားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ ဘေးသင့်ဒေသတွေကို သွားဖို့ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ ရှိနေတာ၊ လမ်းတံတား ပျက်စီးမှုနဲ့ ဆက်သွယ်ရေး ပြတ်တောက်နေတာတွေအပြင် ဘေးသင့် လူဦးရေ များပြားတာကြောင့် ရန်ပုံငွေနဲ့ ဘဏ္ဍာရေး စီးဆင်းမှု ကန့်သတ်ချက်တွေလည်း ရှိနေတယ်လို့ သိရတာပါ။ သောက်သုံးရေ၊ အရေးပေါ် ဆေးဝါး လိုအပ်နေမှု၊ စိုက်ပျိုးမြေတွေ ပျက်စီးမှုတွေကြောင့် တောင်သူတွေ သီးနှံ ရာသီအမီ ပြန်လည် စိုက်ပျိုးနိုင်ရေး နှောင့်နှေးနိုင်မှုတို့ဟာ အဓိက စိန်ခေါ်မှုတွေအဖြစ် ကြုံတွေ့နေရကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

ပုံစာ – တော်လှန်ရေးအင်အားစုများ စိုးမိုးရာ ဒေသတစ်ခုတွင် ရေကြီးနစ်မြုပ်နေပုံ