မူးမြစ်ဝှမ်း ရေကြီးမှုကြောင့် စစ်ရှောင်စခန်းတွေ အရေးပေါ် ရွှေ့ပြောင်းနေရ


စစ်ကိုင်းတိုင်းအတွင်း သဖန်းဆိပ်ဆည်က ရေအဆက်မပြတ် ဖွင့်လွှတ်မှုနဲ့ တောင်ကျရေတွေကြောင့် ရုတ်တရက် ရေကြီး ရေလျှံမှု ဖြစ်ပွားရာ မူးမြစ်ဝှမ်း တစ်လျှောက်ရှိ စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေအတွင်း ရေမြင့်တက်လာတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

 

အထူးသဖြင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေမှာ ဒီကနေ့ ဩဂုတ်လ ၇ ရက် မနက်ပိုင်းကစလို့ ရေထပ်မံ တိုးမြင့်လာတာကြောင့် စခန်းအတွင်းရှိ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်း နေရာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးနေရကြောင်း မြေပြင် စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက် ညပိုင်းကစလို့ မိုးသည်းထန်စွာ အဆက်မပြတ် ရွာနေမှုကြောင့် မူးမြစ်ရေ မြင့်တက်လာသလို ချောင်းငယ်တွေမှာ ရေလျှံနေတာကြောင့် စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်မြို့နယ်တွေက ချောင်းရိုးနဲ့ မူးမြစ်ကမ်းဘေး တစ်လျှောက် ကျေးရွာပေါင်း ၆၀ ကျော် ရေဝင်ရောက်နေတာ ဖြစ်ပါတယ်။

 

ဒီလို ရေမြင့်တက်မှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကပျူ၊ သာခေါင်ကြီးနဲ့ ဝက်သိုး အပါအဝင် ကျေးရွာတွေက စစ်ရှောင် အိမ်ထောင်စု ၁၀၀ ကျော်မှာလည်း မူးမြစ်ရေ မြင့်တက်လာမှုကြောင့် ကုန်းမြင့်ပိုင်းတွေဆီ အရေးပေါ် ရွှေ့ပြောင်း နေထိုင်ခဲ့ကြရတာပါ။

 

ဒါ့အပြင် တန့်ဆည်မြို့နယ်အတွင်းမှာ လက်ရှိ ရေကြီးမှုကြောင့် စစ်ဘေးရှောင်တွေ၊ စေတနာ့ဝန်ထမ်းတွေ စုဆောင်းထားတဲ့ ဆန်အိတ်တွေ ရေစို ပျက်စီးတာတွေ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်နဲ့ အိမ်ထောင်စု ပစ္စည်းတွေ ရေစီးနဲ့ မျောပါသွားတာတွေ မနေ့က ဩဂုတ်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

“လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေးထက် စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ပဲ အဓိက လုပ်နေရပါတယ်။ စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ အဝတ်အထည်တွေ အရေးပေါ် လိုအပ်နေသလို မြေပြင်မှာ ဝိုင်းကူပေးမယ့် လုပ်အားလည်း အဓိက လိုအပ်နေပါတယ်” လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ မြေပြင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

သဖန်းဆိပ်ဆည် ရေလွှတ်မှုကြောင့် တန့်ဆည်၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ခင်ဦးနဲ့ ရေဦးမြို့နယ်တို့ရှိ မူးမြစ်ဘေးနဲ့ ချောင်းရိုး တစ်လျှောက် စစ်ရှောင်စခန်းတွေ အပါအဝင် ကျေးရွာပေါင်း ၆၀ ထက်မနည်း ရေဝင်ရောက်နေပြီး ရေထပ်မံ တိုးလာနိုင်တာကြောင့် စစ်ရှောင်တွေနဲ့ ဒေသခံတွေ ဘေးလွတ်ရာဆီ ကြိုတင်ပြင်ဆင် ရှောင်တိမ်းကြဖို့ ဒေသခံ တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း အသီးသီး ထုတ်ပြန် အသိပေးထားပါတယ်။

 

ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး