မျက်နှာနှစ်ဖက်နှင့် ဂျပန်
ရွေးကောက်တင်မြှောက်ခံ လွှတ်တော်မှတစ်ဆင့် အာဏာရလာသည့် သမ္မတတစ်ဦးမဟုတ်ဘဲ စစ်တပ်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကို ထိန်းချုပ်လာသည့် မင်းအောင်လှိုင်က ၎င်း၏ သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း ဂျပန်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်လာခြင်းကို သံတမန်ရေးရာအောင်မြင်မှုတစ်ရပ်အဖြစ် ဂုဏ်ယူပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုရခြင်း၏ နောက်ခံတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည့် မြန်မာ–ဂျပန် စီးပွားရေးဖိုရမ်လည်း ပါဝင်နေသည်။ အဆိုပါဖိုရမ်ကို ဂျပန်နိုင်ငံ Ingo Peace က ဦးဆောင်စီစဉ်ခဲ့ပြီး ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki အပါအဝင် ဂျပန်ထိပ်တန်းကုမ္ပဏီများမှ အကြီးအကဲများ ရာနှင့်ချီ တက်ရောက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်စီးပွားရေးအသိုင်းအဝိုင်းမှ လူသိများသည့် လုပ်ငန်းရှင်များနှင့် အာဏာပိုင်ဘက်အကြား ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် မျက်နှာချင်းဆိုင် တွေ့ဆုံမှုသည် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ထို့အပြင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး၏ ဂျပန်အကူအညီ လိုအပ်ကြောင်း လူသိထင်ရှားပြောဆိုမှုလည်း ရှိခဲ့သည်။
ယင်းဖြစ်ရပ်များက မေးခွန်းတစ်ခုကို ထပ်မံပေါ်ပေါက်စေသည်။ ဒီမိုကရေစီ၊ ဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကို အလေးထားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသော ဂျပန်သည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအပေါ် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသနည်း။ စီးပွားရေးအကျိုးစီးပွားနှင့် တန်ဖိုးထားမှုများအကြား ဂျပန်၏ ရပ်တည်ချက်သည် မည်သို့ နားလည်သင့်သနည်း။ ထိုမေးခွန်းများကပင် “မျက်နှာနှစ်ဖက်နှင့် ဂျပန်” ဆိုသည့် အကြောင်းအရာကို ဆန်းစစ်ကြည့်ရန် အကြောင်းရင်းတစ်ရပ် ဖြစ်လာစေသည်။
ထိုမေးခွန်းများ၏ အဖြေကို ရှာဖွေရန် လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးဆက်ဆံရေးကိုသာ ကြည့်ရုံဖြင့် မလုံလောက်ပေ။ ဂျပန်နှင့် မြန်မာအကြား ဆက်ဆံရေး၏ အမြစ်ကို သမိုင်းနောက်ခံအထိ ပြန်လည်လေ့လာရန် လိုအပ်သည်။
မြန်မာနိုင်ငံအတွက် ဂျပန်၏ အခန်းကဏ္ဍသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ၊ ဖွံ့ဖြိုးရေးအကူအညီများဖြင့်သာ စတင်ခဲ့ခြင်းမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ကာလအထိ ပြန်လည်ရောက်ရှိသွားသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်ဖွဲ့များသည် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ရေးအုပ်ချုပ်မှုအောက်၌ မြန်မာပြည်သူအများအပြားသည် ဖိနှိပ်မှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့် စစ်ဘေးဒဏ်များကို ကြုံတွေ့ခဲ့ရသည်။ မြန်မာ၊ ဂျပန်နှင့် မဟာမိတ်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာလည်း မြန်မာ့မြေပေါ်တွင် အသက်ဆုံးရှုံးခဲ့ကြသည်။
ထိုစစ်ပွဲ၏ အမှတ်အသားများမှာ ယနေ့အချိန်ထိ ပျောက်ကွယ်မသွားသေးပေ။ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဂျပန်ကျဆုံးစစ်သည်များအတွက် တည်ဆောက်ထားသည့် အထိမ်းအမှတ်များနှင့် သင်္ချိုင်းများကို ဘုရားစေတီများ၏ရင်ပြင်ထက် တွင် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ ယင်းတို့သည် မြန်မာနှင့် ဂျပန်အကြား ဆက်ဆံရေးသည် စီးပွားရေးတစ်ခုတည်းဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ စစ်ပွဲ၊ ဆုံးရှုံးမှုနှင့် သမိုင်းအမွေအနှစ်များကိုပါ သယ်ဆောင်ထားသည့် ဆက်ဆံရေးဖြစ်ကြောင်း ပြသနေသည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်တပ်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဗြိတိသျှကို မောင်းထုတ်ကာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။ တစ်နှစ်အကြာ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်က မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးကြောင်း ကြေညာခဲ့ပြီး ဒေါက်တာဘမော် ဦးဆောင်သည့် အစိုးရကို ဖွဲ့စည်းပေးကာ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ယင်းလွတ်လပ်ရေးမှာ ဂျပန်စစ်အုပ်ချုပ်မှု၏ လွှမ်းမိုးမှုအောက်တွင်သာ တည်ရှိခဲ့သဖြင့် သမိုင်းပညာရှင်အချို့က “ရွှေရည်စိမ်လွတ်လပ်ရေး” အဖြစ် ရည်ညွှန်းကြသည်။စစ်ကာလအတွင်း မြန်မာပြည်သူများသည် အဓမ္မလုပ်အားပေးခိုင်းစေမှု၊ စစ်ဘေးဒဏ်နှင့် အစားအစာရှားပါးမှုတို့ကို ကြုံတွေ့ခဲ့ရသလို ထိုင်း–မြန်မာနယ်စပ်ရှိ သေမင်းတမန်ရထားလမ်း တည်ဆောက်ရေးတွင်လည်း မြန်မာအပါအဝင် အာရှဒေသမှ အရပ်သားလုပ်သားများနှင့် စစ်သုံ့ပန်းအများအပြား အသက်ဆုံးရှုံးခဲ့ကြသည်။ ။
ဤသို့သော အကြောင်းအရာများကြောင့် ဂျပန်၏ ရည်ရွယ်ချက်များကို သဘောပေါက်လာသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့အမျိုးသားတပ်မတော်သည် ဂျပန်ကို ဆန့်ကျင်ရန် လျှို့ဝှက်ပြင်ဆင်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲကာ ဂျပန်တပ်များကို တိုက်ထုတ်ခဲ့ပြီး စစ်အပြီးတွင် ဒေါက်တာဘမော်အစိုးရလည်း ပြိုလဲသွားခဲ့သည်။ ယင်းကာလအပြီး မြန်မာနှင့် ဂျပန်အကြား ဆက်ဆံရေးမှာ အချိန်အတော်ကြာ အေးစက်ခဲ့သည်။
သို့သော် စစ်ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များသည် အတိတ်၏ ရန်ငြိုးများကို ကျော်လွှားကာ ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြသည်။ စစ်ပြီးခါစ အစားအစာအခက်အခဲနှင့် ရင်ဆိုင်နေရသည့် ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံက ဆန်တင်ပို့ကူညီခဲ့ပြီး ယင်းသည် နှစ်နိုင်ငံပြန်လည်ရင်းနှီးရေး၏ အစပြုခြင်းတစ်ရပ် ဖြစ်လာခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်လျော်ကြေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဂျပန်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို စစ်လျော်ကြေးအဖြစ် ပေးအပ်ရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် နောက်ထပ် ဒေါ်လာ သန်း ၅၀ ထောက်ပံ့ရန် သဘောတူခဲ့သည်။ ၁၉၆၆ ခုနှစ်တွင်လည်း နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကို ထပ်မံပေးအပ်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် ဂျပန်သည် မြန်မာနိုင်ငံ၏ အရေးပါဆုံး ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။မြန်မာပြည်သူများ၏ ဒေါသနှင့်နာကြည်းစိတ်ကို ပယ်ဖျက်ရန် JICA မှတစ်ဆင့် ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံ၊ လျှပ်စစ်၊ ရေပေးဝေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် ODA အကူအညီများနှင့် ODA ချေးငွေများကို ဆက်တိုက်ပေးအပ်ခဲ့သည်။ ရန်ကုန်ဆိပ်ကမ်း၊ သာကေတတံတား၊ သန်လျင်တံတားအမှတ် (၃)၊ ရန်ကုန်-ဒလ ကူးတို့လုပ်ငန်းနှင့် ရန်ကုန်ဆေးရုံသစ်ကဲ့သို့ စီမံကိန်းများတွင်လည်း ဂျပန်၏ အထောက်အပံ့များ ပါဝင်ခဲ့သည်။
၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်းတွင် ဂျပန်က ODA ချေးငွေများကို ရပ်ဆိုင်းခဲ့သော်လည်း အကူအညီနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ တစ်ဖက်တွင်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ဆက်ဆံရေးကို ဆက်လက်ထားရှိသလို အခြားတစ်ဖက်တွင် စစ်အစိုးရနှင့် သံတမန်ရေးလမ်းကြောင်းကိုလည်း မဖြတ်တောက်ခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်များအတွင်း နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များ အပြန်အလှန် သွားရောက်လည်ပတ်မှုများ ပိုမိုများပြားလာခဲ့ပြီး ဆက်ဆံရေးလည်း တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကူးအပြောင်းနောက်ပိုင်းတွင် ဂျပန်သည် ရပ်ဆိုင်းထားခဲ့သော ODA ချေးငွေများကို ပြန်လည်စတင်ပေးအပ်ခဲ့သည်။ သမ္မတဦးသိန်းစိန်၊ သမ္မတဦးထင်ကျော်နှင့် သမ္မတဦးဝင်းမြင့် အစိုးရလက်ထက်များတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံခရီးစဉ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်များကလည်း နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်မြှင့်တင်ပေးခဲ့သည်။ ယင်းကာလအတွင်း ဂျပန်သည် မြန်မာနိုင်ငံ၏ အဓိကဖွံ့ဖြိုးရေးမိတ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူတစ်နိုင်ငံအဖြစ် ပြန်လည်ရပ်တည်လာခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် စီးပွားရေးစီမံကိန်းကြီးများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုမတိုင်မီအထိ ဂျပန်နှင့် မြန်မာတို့၏ ဆက်ဆံရေးသည် ဖွံ့ဖြိုးရေးအကူအညီ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် သံတမန်ရေးတို့တွင် အခိုင်မာဆုံးကာလတစ်ခုသို့ ရောက်ရှိနေခဲ့သည်။ သို့သော် ထိုအခြေအနေသည် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းနှင့်အတူ စမ်းသပ်မှုအသစ်တစ်ရပ်နှင့် ရင်ဆိုင်ရတော့သည်။
အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ဂျပန်အစိုးရက မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ် နောက်ပြန်လှည့်သွားခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ဝင်ရောက်ရန် တောင်းဆိုခဲ့သည်။ တိုကျိုမြို့တွင်လည်း ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများနှင့် ဂျပန်ပြည်သူများက စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
တစ်ဖက်တွင်လည်း ဂျပန်၏ လက်တွေ့ဆောင်ရွက်မှုများမှာ အနောက်နိုင်ငံများ၏ ချဉ်းကပ်ပုံနှင့် မတူညီခဲ့ပေ။ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အချို့သော မဟာမိတ်နိုင်ငံများက စစ်ကောင်စီအပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှုများ တိုးမြှင့်ခဲ့သော်လည်း ဂျပန်ကမူ သံတမန်ရေးလမ်းကြောင်းကို လုံးဝမဖြတ်တောက်ခဲ့သလို မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း သတိထားကိုင်တွယ်ခဲ့သည်။
တစ်ဖက်တွင် ဂျပန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆက်သွယ်ခဲ့ပြီး ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းနှင့် နီပွန်ဖောင်ဒေးရှင်းတို့မှတစ်ဆင့် စစ်ကောင်စီနှင့် ဆက်သွယ်မှုများကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး မြန်မာ့အရေးတွင် ကြားဝင်ညှိနှိုင်းရန် ကြိုးပမ်းခဲ့သည်။
ထိုအချိန်တွင် မြန်မာနိုင်ငံအတွင်း ဂျပန်၏ စီးပွားရေးအကျိုးစီးပွားများမှာလည်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်၊ JICA က အကောင်အထည်ဖော်နေသော အခြေခံအဆောက်အအုံစီမံကိန်းများ၊ ရာနှင့်ချီသော ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ဂျပန်နိုင်ငံသားများ၏ လုံခြုံရေးတို့သည် တိုကျိုအစိုးရအတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်လာခဲ့သည်။
ဂျပန်၏ လုပ်ဆောင်ချက်များသည် ဒီမိုကရေစီတန်ဖိုးများကို လက်တွေ့ကျကျ ကာကွယ်ရန် ကြိုးပမ်းမှုလား၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်းရှိ မဟာဗျူဟာနှင့် စီးပွားရေးအကျိုးစီးပွားများကို ထိန်းသိမ်းထားရန် ရွေးချယ်ထားသည့် လက်တွေ့နိုင်ငံရေးလား။ ထိုမေးခွန်း၏ အဖြေသည် ရှုထောင့်ပေါ်မူတည်၍ ကွဲပြားနိုင်သော်လည်း ဂျပန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အဖြူအမည်း နှစ်ရောင်တည်းဖြင့် ရှင်းပြ၍ မရသည့် အခြေအနေတစ်ရပ်ဖြစ်နေသည်မှာတော့ ငြင်းမရပေ။
ထိုအချိန်တွင် မြန်မာနိုင်ငံအတွင်း ဂျပန်၏ စီးပွားရေးအကျိုးစီးပွားများမှာလည်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်၊ JICA က အကောင်အထည်ဖော်နေသော အခြေခံအဆောက်အအုံစီမံကိန်းများ၊ ရာနှင့်ချီသော ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ဂျပန်နိုင်ငံသားများ၏ လုံခြုံရေးတို့သည် တိုကျိုအစိုးရအတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်လာခဲ့သည်။
မြန်မာအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များအရ ဂျပန်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများအနက် အဆင့် (၉) နေရာတွင် ရပ်တည်နေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၈၆ ဘီလီယံကျော် တန်ဖိုးရှိသည့် စီမံကိန်း ၁၂၇ ခုတွင် ရင်းနှီးမြှုပ်နှံထားသည်။ သီလဝါအထူးစီးပွားရေးဇုန်၌လည်း ဂျပန်သည် ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၉.၉၂ ရာခိုင်နှုန်းဖြင့် အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ဂျပန်ကုမ္ပဏီ ၅၀ ကျော် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီ ၁၂၆ ခုက အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားရာတွင် ဂျပန်၏ အခန်းကဏ္ဍမှာ အဓိကကျလျက်ရှိသည်။
ကုန်သွယ်ရေးဘက်တွင်လည်း ဂျပန်သည် မြန်မာ၏ အရေးပါသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၃၄ ဘီလီယံကျော်ရှိခဲ့ပြီး ဂျပန်သည် မြန်မာ၏ ကုန်သွယ်ဖက်နိုင်ငံများအနက် အဆင့် (၆) နေရာတွင် ရပ်တည်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဂျပန်ကုမ္ပဏီ ၃၀၀ ခန့် လုပ်ငန်းလည်ပတ်နေပြီး ဂျပန်နိုင်ငံသား ၁,၅၀၀ ကျော် နေထိုင်လျက်ရှိကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် စီးပွားရေးချိတ်ဆက်မှုများကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ရာတွင် ဂျပန်၏ ဆုံးဖြတ်ချက်များသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်များသာမက မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏ ရေရှည်စီးပွားရေးနှင့် မဟာဗျူဟာအကျိုးစီးပွားများ၏ သက်ရောက်မှုကိုပါ ထည့်သွင်းစဉ်းစားရသည့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။
ဂျပန်၏ မြန်မာ့အရေးဆိုင်ရာ ချဉ်းကပ်ပုံကို ထင်ဟပ်စေသည့် နောက်ထပ်အချက်တစ်ခုမှာ အထူးကိုယ်စားလှယ်များနှင့် အလွတ်သဘော သံတမန်ရေးလမ်းကြောင်းများကို ဆက်လက်အသုံးပြုခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ယိုဟေး ဝါတာနာဘေး (Yohei Watanabe) နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) တို့သည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ကာ စစ်အုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ရခိုင်ပြည်နယ်အပါအဝင် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင်လည်း အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက် ကြားဝင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
တစ်ဖက်တွင်လည်း ၎င်းတို့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြားဝင်ဆောင်ရွက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် စစ်အုပ်စုက ဂုဏ်ထူးဆောင်ဘွဲ့များနှင့် နိုင်ငံတော်အဆင့် ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ ထိုသို့သော ချီးမြှင့်မှုများသည် ဂျပန်၏ သံတမန်ရေးချဉ်းကပ်ပုံကို လက်တွေ့ကျသည့် ထိတွေ့ဆက်ဆံရေးဟု ရှုမြင်သူများရှိသကဲ့သို့၊ စစ်အုပ်စုနှင့် အလွန်နီးကပ်စွာ ဆက်ဆံနေသည်ဟု ဝေဖန်သူများလည်း ရှိစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂျပန်အစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့်လည်း ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ယင်းကြောင့် ဂျပန်၏ မြန်မာ့အရေးဆိုင်ရာ မူဝါဒမှာ ဖိအားပေးခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းကို တစ်ပြိုင်နက် အသုံးပြုသည့် ချဉ်းကပ်ပုံတစ်ရပ်အဖြစ် မြင်တွေ့ရသည်။
ဂျပန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို နှစ်အတော်ကြာ ပြန်လည်သုံးသပ်ကြည့်လျှင် အဖြူအမည်း နှစ်ရောင်တည်းဖြင့် ရှင်းပြနိုင်သည့် ဆက်ဆံရေးမျိုး မဟုတ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် ဂျပန်၏ မြန်မာနိုင်ငံဆိုင်ရာ ရပ်တည်ချက်ကို ဒီမိုကရေစီကို ထောက်ခံသည့်နိုင်ငံဟုသာ သို့မဟုတ် စီးပွားရေးအကျိုးစီးပွားကိုသာ ဦးစားပေးသည့်နိုင်ငံဟုသာ သတ်မှတ်ရန် မလွယ်ကူပေ။ ယင်းနှစ်မျိုးကြားတွင် ဟန်ချက်ညှိရန် ကြိုးပမ်းနေသည့် လက်တွေ့နိုင်ငံရေး (Realpolitik) ၏ ထင်ရှားသော ဥပမာတစ်ခုအဖြစ် ပိုမိုမြင်တွေ့ရသည်။
ထိုသို့ဖြစ်လျှင် မေးခွန်းမှာ ရှင်းလင်းလာသည်။ ဂျပန်သည် အမှန်တကယ် မျက်နှာနှစ်ဖက်ရှိသည့် နိုင်ငံလား၊ သို့မဟုတ် တန်ဖိုးထားမှုများနှင့် အကျိုးစီးပွားများအကြား ဟန်ချက်ညှိရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်နိုင်ငံလား။ ယင်းမေးခွန်း၏ အဖြေကို သမိုင်း၊ သံတမန်ရေးနှင့် ယနေ့ဆက်လက်ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေတို့က ဆက်လက်ဆုံးဖြတ်ပေးသွားရမည် ဖြစ်သည်။
