ရုန်းလေ နစ်လေနဲ့ ယောဒေသက တောင်သူများ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ယောဒေသရဲ့ လယ်ကွင်းတွေမှာ သီးနှံစိုက်ပျိုးရတာဟာ မြေကို ထွန်ယက်ရုံနဲ့ မပြီးတော့ပါဘူး။ စိုက်ပျိုးစရိတ် အဆမတန်မြင့်တက်လာတာ၊ ရာသီပေါ်သီးနှံ ဈေးကောင်းမရတာနဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ တောင်သူတွေဟာ သီးနှံတစ်ရာသီအောင်ရဖို့အတွက် အသက်နဲ့ ရင်းပြီး ရုန်းကန်နေကြရပါတယ်။
မကွေးတိုင်း၊ ယောဒေသက ထီးလင်းနဲ့ ကျောက်ထုအပါအဝင် ဒေသအသီးသီးမှာ တောင်သူလယ်သမားတွေဟာ နှစ်စဉ်လိုလို အရှုံးနဲ့ ရင်ဆိုင်နေရပြီး ရရှိလာတဲ့ ဝင်ငွေက စိုက်ပျိုးစရိတ်ကိုပင် ပြန်မကာမိတဲ့အခြေအနေတွေနဲ့ ကြုံနေရပါတယ်။
တစ်နှစ်ကို မိုးစပါးတစ်သီးသာ စိုက်ပျိုးကြရတာကြောင့် ထီးလင်းမြို့နယ်က တောင်သူတွေဟာ လောင်စာဆီ၊ မျိုးစပါးနဲ့ မြေဩဇာဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့ကြားက လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြရပါတယ်။ တစ်ဖက်မှာလည်း ဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် လယ်ထဲဆင်းရတာကိုယ်တိုင်က အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ဆီဈေးကြောင့် ခေတ်နောက်ပြန်ဆွဲသွားတဲ့ စိုက်ပျိုးရေး
စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် စက်ထွန်ခတွေ နှစ်ဆကျော်မြင့်တက်သွားပြီး ထွန်စက်နဲ့ လယ်ယာလုပ်ငန်းလုပ်ဖို့ မတတ်နိုင်တော့တဲ့ တောင်သူတချို့ဟာ ရှေးမူအတိုင်း ကျွဲ၊ နွားတွေကို ပြန်အားကိုးလာကြရပါတယ်။
ထီးလင်းမြို့နယ်က အသက် ၄၉ နှစ်အရွယ် တောင်သူ ဦးမိုးမိုးကတော့ စက်ထွန်ခတွေ မြင့်တက်လာတဲ့အခြေအနေကို အခုလို ပြောပြပါတယ်။
“ဒီနှစ်က စက်ထွန်ခ ၂ ဆလောက် တက်သွားတယ်။ ဆီဈေးကလည်း နှစ်ဆလောက် တက်တာကိုး။ မနှစ်က စက်ကလေးထွန်ခ တစ်နာရီကို ၂၀,၀၀၀ ကျပ်။ ဒီနှစ်တော့ တစ်နာရီ ၄၅,၀၀၀ ကျပ် ဖြစ်သွားလို့ မငှားနိုင်တော့ဘူး။ နွားနဲ့ဘဲ ထွန်ခိုင်းရတယ်။ နွားနဲ့ထွန်တော့ အချိန်ပိုကုန်ပြီး လူရော နွားရော ပိုပင်ပန်းတာပေါ့”လို့ ဦးမိုးမိုးက ဆိုပါတယ်။
စစ်အာဏာမသိမ်းမီက စက်ကလေးထွန်ခဟာ တစ်နာရီကို ၈,၀၀၀ ကျပ်သာရှိခဲ့ပေမယ့် အခု ၄၅,၀၀၀ ကျပ်အထိ ရောက်လာတာကြောင့် ငါးဆကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
လယ်ထွန်စက်ပိုင်ရှင် အသက် ၅၄ နှစ်အရွယ် ဦးမျိုးနိုင်ကလည်း အရင်က စက်ယန္တရားကို အားကိုးလာခဲ့တဲ့ ကျေးလက်လယ်ယာဘဝကနေ အခုတော့ နွားတွေဆီ ပြန်လှည့်လာရတဲ့အခြေအနေကို အခုလို ပြောပါတယ်။
“အာဏာမသိမ်းခင်က ရွာမှာ ထွန်စက် ၁၀ စီးလောက်ရှိတယ်။ တချို့ဆို နွားတွေအကုန်ရောင်းပြီး စက်ဝယ်ကြတာ။ အခုတော့ နွားတွေ ပြန်သုံးနေရပြီ။ ခေတ်နောက်ပြန်ဆွဲနေတာပေါ့။ ထွန်စက်တွေကလည်း အချိန်ကြာလာတော့ ပြုရပြင်ရတာများလာတယ်။ စက်ပစ္စည်းတစ်ခါပြင်ရင် အနည်းဆုံး ၁ သိန်းဘဲ။ ဘယ်အရာမှ မလွယ်ကူတော့ဘူး” လို့ သူကဆိုပါတယ်။
စက်သုံးဆီဈေးတက်လာတာနဲ့အတူ လယ်ထွန်ခမြင့်လာ၊ စက်ပြင်စရိတ်တက်လာပြီး နောက်ဆုံးမှာ တောင်သူတွေက နွားနဲ့ ပြန်ထွန်ရတဲ့အထိ လယ်ယာလုပ်ငန်းဟာ ခေတ်နောက်ပြန်ဆွဲသွားတဲ့ အခြေအနေကို ရောက်လာတာပါ။
စစ်ကြောင်းထိုး မီးရှို့မှုနဲ့ စစ်ဘေးဒဏ်တွေကြောင့် လယ်ယာစွန့်ခွာရခြင်း
စိုက်ပျိုးစရိတ်နဲ့ ရင်ဆိုင်နေရရုံသာမက စစ်ရေးပဋိပက္ခကလည်း ယောဒေသတောင်သူတွေရဲ့ လယ်ယာဘဝကို ထပ်ပြီး ရိုက်ခတ်နေပါတယ်။
စစ်အုပ်စုတပ်က ချင်းပြည်တောင်ပိုင်းကို အင်အားအလုံးအရင်းနဲ့ ယောဒေသကို ဖြတ်သန်းပြီး စစ်ကြောင်းထိုးနေတာကြောင့် ကျောက်ထု (ယော) ဒေသရှိ ကံကြီး၊ တောင့်တက်၊ ပြင်လယ်၊ ရေရှင်၊ နရဲ၊ ကျင်ရဲ၊ မြို့ပေါက်၊ လေးရွာ စတဲ့ ကျေးရွာတွေက တောင်သူတွေဟာ လယ်ယာမစိုက်ပျိုးနိုင်ဘဲ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်အုပ်စုတပ်ရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ကံသာကျေးရွာက အမျိုးသမီးတစ်ဦးကတော့ တောင်သူဘဝမှာ အိမ်တစ်လုံးပြန်ရဖို့တောင် မသေချာတော့တဲ့အခြေအနေကို အခုလို ရင်ဖွင့်ပါတယ်။
“အခုခေတ်ကာလ နေအိမ်တစ်လုံးရဖို့ မလွယ်ဘူး။ သာမန်အခြေအနေတုန်းကတော့ တောင်သူအလုပ်နဲ့ အိမ် ၅ လုံးမက ဆောက်နိုင်တယ်။ အခုက စိုက်ပျိုးရေးစရိတ်တွေ အဆမတန်များလာတဲ့အပြင် ရှောင်ရ၊ တိမ်းရ၊ ပြေးရနဲ့ ကိုယ့်အလုပ်ကိုယ် သေချာမလုပ်ရတော့ အိမ်ပြန်ဆောက်နိုင်ဖို့ မသေချာတော့ပါဘူး”လို့ သူက ပြောပါတယ်။
လယ်ယာလုပ်ကိုင်ပြီး ဘဝတည်ဆောက်ခဲ့သူတွေအတွက် အခုတော့ လယ်ထဲမဆင်းနိုင်တာတင်မက နေအိမ်နဲ့ အိုးအိမ်ဘဝကိုပါ တစ်ပြိုင်နက်တည်း ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။
သီးနှံဈေးမရခြင်းနဲ့ ဓာတ်မြေဩဇာ မသုံးနိုင်တဲ့ ပြဿနာ
စိုက်တဲ့အခါ စရိတ်ကြီးပြီး ရောင်းတဲ့အခါ ဈေးမရတာကလည်း တောင်သူတွေရဲ့ အရှုံးကို ပိုကြီးစေပါတယ်။
စိုက်ပျိုးစရိတ် မြင့်တက်လာပေမယ့် သီးနှံပေါ်ချိန်မှာ ဈေးကောင်းမရရှိတာကြောင့် စိုက်ပျိုးစရိတ်ပြန်ရဖို့ပင် တောင်သူတွေ ကြိုးစားနေကြရတာပါ။
ထီးလင်းမြို့နယ်က အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်မာအေးကတော့ ကောက်စိုက်ရင်း အခုလို ပြောပြပါတယ်။
“ဒို့က ဝယ်ရပြီဆိုရင် ဘာမဆို ဈေးကြီးနေရော။ ရောင်းရပြီဆိုရင်တော့ ဘာဈေးမှ မရတော့ဘူး။ စပါး တင်း ၂၀ဝ၊ ၃၀ဝ ရတဲ့ တောင်သူကြီးတွေမှ အသုံးစရိတ်လေး ကျန်တာ။ တို့လို တင်း ၄၀၊ ၅၀ ထွက်တဲ့သူတွေက မိသားစုများရင် ဆန်ပြန်ဝယ်စားရသေးတယ်။ အသုံးစရိတ်ရဖို့ နေပူမရှောင် မိုးရွာမရှောင် အငှားလိုက်ရတယ်။ ပိုက်ဆံကြပ်လွန်းလို့ ဖျားတောင် မဖျားရဲဘူး”လို့ သူက ဆိုပါတယ်။
စပါးရိတ်သိမ်းပြီးတဲ့အခါ ရရှိလာတဲ့ငွေဟာ အမြတ်အတွက်မဟုတ်တော့ဘဲ စားဝတ်နေရေးအတွက်တောင် မလောက်ငှတဲ့အခြေအနေ ဖြစ်လာပါတယ်။
ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး ဓာတ်မြေဩဇာ မသုံးနိုင်တော့ဘဲ နွားချေးနဲ့ နွားကျင်ငယ်ရည်ကဲ့သို့ သဘာဝမြေဩဇာတွေကိုသာ အစားထိုးအသုံးပြုနေကြရတယ်လို့ အသက် ၅၉ နှစ်အရွယ် ဒေါ်မှုံမှုံက ဆိုပါတယ်။
လယ်မဲ့ယာမဲ့တွေနဲ့ နေ့စားလုပ်သားတွေရဲ့ အကျပ်အတည်း
ကိုယ်ပိုင်လယ်ယာမြေ မရှိဘဲ ‘အဖက်လုပ်’ (အကျိုးတူစိုက်ပျိုးခြင်း) စနစ်နဲ့ သူတစ်ပါးလယ်ကို အငှားလိုက်လုပ်သူတွေကလည်း ရရှိတဲ့သီးနှံကို ပိုင်ရှင်နဲ့ တစ်ဝက်စီခွဲဝေယူရတာကြောင့် စားဝတ်နေရေး မလောက်ငှပါဘူး။
လယ်အဖက်စိုက်ပျိုးသူ မမီးမီး (၃၂ နှစ်) ကတော့ လယ်ယာလုပ်ငန်းစဉ်တစ်ခုလုံးကို လုပ်ကိုင်ရပေမယ့် နောက်ဆုံးရလာတဲ့ သီးနှံကို တစ်ဝက်ပဲရတဲ့ဘဝကို အခုလို ပြောပြပါတယ်။
“လယ်ထွန်၊ ပျိုးနှုတ်၊ ကောက်စိုက် အကုန်လုပ်ရတာပေါ့။ ပေါင်းသင်၊ ပေါင်းနှုတ် လုပ်အားစိုက်ရတာပေါ့လေ။ ရလာတဲ့ စပါးကို တစ်ဝက်စီခွဲရတော့ စားဝတ်နေရေး ဘယ်လောက်ငပါ့မလဲ။ ဒါပေမဲ့ ဆန်ဝယ်ရတာ သက်သာအောင် လုပ်ရတာပဲ”လို့ သူက ဆိုပါတယ်။
နေ့စားလိုက်သူတွေကတော့ ကောက်စိုက်ရင် တစ်နေကုန်လုပ်မှ လုပ်ခ ၁၀,၀၀၀ ကျပ်သာရရှိပြီး ဆန်တစ်ပြည် ၄,၀၀၀ ကနေ ၄,၅၀၀ ကျပ်၊ ဆီတစ်ပိဿာ ၂၂,၀၀၀ ကျပ်နဲ့ ဆားတစ်ပိဿာ ၃,၅၀၀ ကျပ်အထိ တစ်ရိပ်ရိပ်မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေက မမျှမတ ဖြစ်နေကြရပါတယ်။
မိသားစု ၅ ဦးကို ရှာဖွေကျွေးမွေးနေတဲ့ အသက် ၅၃ နှစ်အရွယ် နေ့စားလုပ်သား ဦးမော်ကြီးကတော့ မိသားစုအတွင်း နာမကျန်းဖြစ်မှုတစ်ခုတောင် အကြွေးဖြစ်စေနိုင်တဲ့ သူတို့ဘဝကို အခုလို ငြီးတွားပါတယ်။
“ကလေးတွေ နေမကောင်းဖြစ်ရင် အကြွေးတင်ပြီပဲ။ ကိုယ်တိုင် နေမကောင်းဖြစ်ရင်တောင် ပါရာစီတမောလေး သောက်ပြီး တင်းခံနေလို့ရသေးတယ်”လို့ သူက ဆိုပါတယ်။
အန္တရာယ်ကြားက ဆက်စိုက်ရတဲ့ လယ်ယာမြေ
လက်ရှိ ယောဒေသမှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြား စစ်ရေးပြင်းထန်နေတာကြောင့် တောင်သူတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ဒရုန်းအန္တရာယ်တွေကြားကနေ လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြရပါတယ်။
တစ်ချိန်က မိသားစုစားဝတ်နေရေးအတွက် အားကိုးရာဖြစ်ခဲ့တဲ့ လယ်ကွင်းတွေဟာ အခုတော့ စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့နေရာတစ်ခုဖြစ်သလို အသက်အန္တရာယ်ကိုပါ ရင်ဆိုင်ရတဲ့နေရာ ဖြစ်လာပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် ယောဒေသတောင်သူတွေရဲ့ ဘဝဟာ စိုက်ပျိုးစရိတ်ကြီးလာတာ၊ သီးနှံဈေးမရတာ၊ အလုပ်အကိုင်ရှားပါးလာတာနဲ့ စစ်ဘေးဒဏ်တွေကြားမှာ တစ်ဖက်က ရုန်းရင်း တစ်ဖက်က နစ်ရင်း ဖြစ်နေပါတယ်။
လယ်ယာလုပ်ငန်းကနေ အမြတ်အစွန်းရဖို့ မျှော်လင့်ချက်ထက် နောက်တစ်ရာသီ ထပ်စိုက်နိုင်ဖို့ ကြိုးစားနေရတဲ့ဘဝ။ အိမ်တစ်လုံးပြန်ဆောက်နိုင်ဖို့ မသေချာတဲ့ဘဝ။ နေမကောင်းဖြစ်ရင်တောင် ဆေးဖိုးမတတ်နိုင်လို့ မဖျားရဲတဲ့ဘဝ။
ဒါဟာ စစ်အာဏာသိမ်းမှုအောက်မှာ ရုန်းလေ နစ်လေ ဖြစ်နေတဲ့ ယောဒေသတောင်သူတွေရဲ့ လက်ရှိဘဝ ဖြစ်ပါတယ်။
