“အလှအပက ရှင်သန်ရေးနောက်ကို ရောက်သွားတဲ့အခါ”
“ခေါင်းလိမ်းဆီ တစ်ဘူးတောင် တစ်သောင်း ပေးရတယ်။ အခုတော့ မဝယ်နိုင်တော့ဘူး” ဆိုတာကို အသက် ၂၅ နှစ်အရွယ် မသဲ (အမည်လွှဲ) က သူမရဲ့ လက်ရှိ ဘဝအခြေအနေကို သက်ပြင်းချ ပြောပြပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ နေထိုင်ခဲ့တဲ့ မသဲဟာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း စစ်တပ်က မြို့ကို ထိုးစစ်ဆင်ပြီး ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် နေရပ်စွန့်ခွာကာ စစ်ရှောင်ဘဝကို ရောက်ရှိလာခဲ့ရတဲ့သူ တစ်ယောက်ပါ။
မသဲတစ်ယောက် အရင်နှစ်က ကျပ် ၂၀,၀၀၀ ပေးဝယ်ခဲ့တဲ့ JM Solution မျက်နှာသစ်ဆေးကိုတောင် အခုအချိန်မှာ မဝယ်နိုင်တော့ဘဲ ရိုးရိုး ဆပ်ပြာနဲ့သာ အစားထိုး အသုံးပြုနေရပါတော့တယ်။
အခုချိန်မှာ သူမအတွက် သနပ်ခါးကြမ်း တစ်တုံးဟာ အသားအရေ ထိန်းသိမ်းရေးအတွက် အားကိုးရာ တစ်ခုတည်း ဖြစ်လာတာပါ။
“သနပ်ခါးပဲ လိမ်းနေရတော့ မျက်နှာကတော့ သိပ်မဆိုးဘူး။ ဒါပေမဲ့ အသားအရေက မွဲခြောက်လာတယ်လို့ ခံစားရတယ်။ လက်တို့၊ ခြေထောက်တို့ကတော့ အသားပိုမဲသွားတယ်” လို့ သူမက စိတ်ညစ်တဲ့ လေသံနှောရင်း ပြောပါတယ်။
ဒါပေမဲ့ မသဲရဲ့ အခက်အခဲဟာ ငွေကြေးတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဝယ်ချင်ရင်တောင် ဝယ်ဖို့ ဆိုင်တောင် မရှိတာကြောင့်လည်း ပါပါတယ်။
“ညီမတို့ ဝယ်နေကျ ဆိုင်တွေကလည်း စစ်ရှောင်ရတော့ ဘယ်ရောက်သွားမှန်း မသိဘူး။ ရွာဘက်တွေမှာလည်း မရောင်းဘူး။ လမ်းတွေပိတ်တော့ တော်ရုံ မရောက်နိုင်ဘူး။ ရောက်ခဲ့ရင်တောင် ဈေးကြီးတော့ ညီမအနေနဲ့ မဝယ်နိုင်ပါဘူး” လို့ မသဲက ရင်ဖွင့်ပြောပြပါတယ်။
မသဲ ရင်ဆိုင်နေရတဲ့ အခက်အခဲဟာ စစ်ရှောင်တစ်ဦးရဲ့ ပုံရိပ် တစ်ခုတည်းတော့ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးနောက် သွင်းကုန် အခက်အခဲ၊ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေကြောင့် မြို့ပေါ်နဲ့ နယ်ဒေသ အသီးသီးမှာ အလှကုန်နဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေဟာလည်း လူအများအတွက် လက်လှမ်းမီဖို့ ခက်ခဲလာနေတာ ဖြစ်ပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ၅,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တဲ့ Lux ဆပ်ပြာရည် တစ်ဘူးဟာ အခု ၂၀၂၆ ခုနှစ်မှာ ၁၅,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။
Sample တံဆိပ် Toner တစ်ဘူးဟာလည်း ၂၀၂၀ ပြည့်နှစ်က ၈,၅၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ အခု ၂၀၂၆ ခုနှစ်မှာ ၁၆,၅၀၀ ကျပ်အထိ ရောက်လာပြီး လူသုံးများတဲ့ Garnier မျက်နှာသစ်ဆေး (၁၀၀ ml) တစ်ဘူးကိုလည်း အာဏာမသိမ်းခင်က ၇,၀၀၀ ကျပ်ဝန်းကျင်နဲ့ ဝယ်ယူနိုင်ခဲ့ပေမဲ့ ၂၀၂၆ ခုနှစ်မှာတော့ ၁၇,၅၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း အလှကုန်ပစ္စည်း ဈေးနှုန်းတွေဟာ ၂ ဆကျော် ၃ ဆနီးပါးလောက် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
ကျိုက်ထိုမြို့ခံ မမေ (အမည်လွှဲ) အတွက်လည်း ဒီအခြေအနေတွေကြောင့် အလှအပနဲ့ နေ့စဉ် အသုံးပြုနေကျ ပစ္စည်းတွေဟာ အရင်လို လွယ်လွယ်ကူကူ ရွေးချယ် ဝယ်ယူနိုင်တဲ့ အရာတွေ မဟုတ်တော့ပါဘူး။
အလှကုန်ပစ္စည်းတွေက ဈေးထက်ဝက်ကျော်လောက် တက်တက်လာတာကြောင့် အသုံးပြုနေကျ မျက်နှာလိမ်းတဲ့ အဆင့်တွေကို လျှော့ချလိုက်ရတယ်လို့ မမေက ဆိုပါတယ်။
“အကုန် ဈေးတက်တာလေ။ အချို့ဆို ပစ္စည်းပြတ်တာတောင် ရှိချင်ရှိမယ်။ sample ထုပ်လေးတွေက သိပ် ဈေးမတက်ပေမဲ့ ဘူးတွေနဲ့ဟာဆို ဈေးတော်တော် တက်သွားတယ်လို့ ထင်တယ်။ ဝယ်ရခက်တာမျိုးတော့ မရှိပါဘူး၊ ပစ္စည်းပြတ်တဲ့အခါလောက်ပေါ့” လို့ မမေက ဆိုပါတယ်။
အလှကုန်နဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာမှုကလည်း အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာတဲ့ လက်ရှိ စီးပွားရေး အကျပ်အတည်းနဲ့ ဆက်စပ်နေတာပါ။
မြန်မာပြည်၏ အနည်းဆုံး လုပ်ခလစာကို ကြည့်ရင် ၂၀၁၈ ခုနှစ် မေလက တစ်နေ့လျှင် ကျပ် ၄,၈၀၀ အဖြစ် သတ်မှတ်ခဲ့ပြီး အဲဒီအချိန်က အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ် ၁,၃၄၀ ဝန်းကျင်သာ ရှိတာကြောင့် အနည်းဆုံး နေ့စားလုပ်ခဟာ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာကျော်နဲ့ ညီမျှခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အလုပ်သမားတွေအတွက် တစ်ရက်လုပ်ခ အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၁,၀၀၀ ကို နှစ်ကြိမ် တိုးမြှင့်ပေးခဲ့တဲ့အတွက် အနည်းဆုံး နေ့စားလုပ်ခဟာ ကျပ် ၆,၈၀၀ ရှိလာတာပါ။
ဒါပေမဲ့ ပြင်ပ ငွေလဲဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၄,၅၀၀ ကနေ ၆,၀၀၀ ဝန်းကျင်အထိ ပေးဝယ်နေရတဲ့ လက်ရှိ အခြေအနေမှာ အနည်းဆုံး နေ့စားလုပ်ခ၏ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကျော်သာ ကျန်ရှိတော့ပြီး အလုပ်သမားတွေ၏ ဝယ်ယူနိုင်စွမ်းလည်း သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကုန်ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာပြီး ၂၀၁၈ ခုနှစ်က ကျပ် ၇,၀၀၀ ဝန်းကျင်သာ ရှိခဲ့တဲ့ လူသုံးကုန်ပစ္စည်း တချို့ဟာ ၂၀၂၆ ခုနှစ်မှာ ကျပ် ၁၇,၅၀၀ ဝန်းကျင်အထိ မြင့်တက်လာတာကြောင့် အလုပ်သမားတွေအတွက် နေ့စဉ် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့ ပိုမို ခက်ခဲလာခဲ့တာလည်း ဖြစ်ပါတယ်။
“အခုတော့ စားဝတ်နေရေးက ပထမ၊ ကျန်းမာရေးက ဒုတိယ၊ cosmetic တွေက နောက်ဆုံးမှာပဲ ဖြစ်နေတယ်” လို့ မသဲက ရင်ဖွင့်ပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကတော့ အခုနှစ် ဇူလိုင် ၇ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဝန်ခံထားပါတယ်။
သူက ကုန်ဈေးနှုန်း မြင့်တက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတမှု၊ ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်လာမှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တချို့ကတော့ နိုင်ငံရေး မတည်ငြိမ်မှု၊ လုံခြုံရေး အခြေအနေကြောင့် ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ထိခိုက်မှု၊ ငွေကြေးမူဝါဒဆိုင်ရာ အားနည်းချက်တွေဟာလည်း ကုန်ဈေးနှုန်း မြင့်တက်မှု၏ အရေးကြီးတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ သုံးသပ်ထားကြတာပါ။
၂၀၂၆ ခုနှစ် ဇူလိုင်လကုန်ပိုင်းအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာတာကြောင့် အခြေခံနဲ့ အလယ်လတ်တန်းစား မိသားစုတွေဟာ နေ့စဉ် အသုံးစရိတ်ကို ပိုမို ချွေတာလာကြပြီး အလှကုန်နဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေဟာ ဦးစားပေး စာရင်း၏ နောက်ဆုံးအဆင့်ဆီ ရောက်လာကြတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဈေးကွက် စောင့်ကြည့်ရေး အချက်အလက်တွေအရလည်း အခြေခံ စားသောက်ကုန်တွေ ပါဝင်တဲ့ ဈေးခြင်းတစ်ခြင်း၏ ပျမ်းမျှ ကုန်ကျစရိတ်ဟာ မြန်မာကျပ် ၅၁,၁၈၇ ကျပ်အထိ ရှိလာပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်နဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းတွေ ကြီးလာတာနဲ့အမျှ အရင်က ပုံမှန် အသုံးပြုခဲ့တဲ့ အလှကုန်ပစ္စည်းတွေကို အခုအချိန်မှာ ဝယ်ယူမယ်ဆိုရင် တခြား အသုံးစရိတ်တွေကို လျှော့ချရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က မအိသူ (အမည်လွှဲ) ကလည်း ရင်ဖွင့်ပြောပြပါတယ်။
“အစားအသောက်ကို ချိုးခြံချွေတာပြီး ရအောင် ဝယ်ရတာပေါ့။ လူကြားထဲ သွားရင် သုံးလိုက်တယ်။ အိမ်နေရင်းဆို မသုံးတော့ဘူးပေါ့။ ကျွန်မတို့က မိန်းကလေးဆိုတော့ အလှအပက လိုတာပေါ့။ သွားသွားလာလာဆိုတော့ လိုအပ်တာပေါ့။ ဒီလိုဟာတွေ သုံးချင်ပြီဆိုရင် စားမယ့်သောက်မယ့်ဟာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်တာကို လျှော့ပြီး ဝယ်ရတာပဲပေါ့” လို့ မအိသူက ဆိုပါတယ်။
အလှအပအတွက် သုံးစွဲနေကျ ပစ္စည်းတွေကို လျှော့ချနေရပေမဲ့ မအိသူအတွက် အခက်ခဲဆုံးကတော့ ဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် နေ့စဉ် ဘဝအသုံးစရိတ်ကို ထိန်းချုပ်နေရတာ ဖြစ်ပါတယ်။
“တခါတလေဆိုရင် ကျွန်မတို့ ဈေးထဲ နေ့တိုင်း ဖြတ်နေရတာပဲ။ ကျွန်မတို့ မလိုအပ်ဘူး ထင်ရင် မကြည့်ရဲဘူး။ ဈေးကြီးလွန်းလို့” လို့ မအိသူက ညည်းတွားပါတယ်။
ဒီလို စီးပွားရေး အခြေအနေတွေကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ အလှကုန်ပစ္စည်းတွေမှာလည်း သယ်ယူပို့ဆောင်ရေး စရိတ်၊ ငွေလဲနှုန်းနဲ့ ကုန်သွယ်ရေး အခက်အခဲတွေ ထပ်ပေါင်းလာပြီး ဈေးနှုန်း မြင့်တက်လာတဲ့ အခြေအနေကို ဖြစ်ပေါ်စေတာပါ။
အလှကုန်ပစ္စည်း အများစုဟာ ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေကနေ တင်သွင်းရတဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် နယ်စပ် ကုန်သွယ်ရေး အခက်အခဲတွေကလည်း ဈေးကွက်အပေါ် တိုက်ရိုက် သက်ရောက်လာတာ ဖြစ်ပါတယ်။
မွန်ပြည် အပါအဝင် နယ်စပ်ဒေသ တချို့မှာ ထိုင်းကုန်ပစ္စည်းတွေ သယ်ယူ တင်သွင်း ရောင်းချနေတဲ့ ဆိုင်တွေနဲ့ သိုလှောင်ရုံတွေကို ဖမ်းဆီး စစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် ထိုင်း စားသောက်ကုန်၊ လူသုံးကုန်နဲ့ အလှကုန်ပစ္စည်းတွေ ရှားပါးလာပြီး ဈေးနှုန်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ္စည်းက ပို့ရင် အလှကုန်တော့ မရဘူး။ တခြားဟာတော့ ဖွက်သယ်ရတယ်။ ဘုရားသုံးဆူဘက်က ဝင်တယ်။ မော်လမြိုင်ဘက်က အစ်မတို့ သယ်တယ်” လို့ အလှကုန်ပစ္စည်းဆိုင် ဖွင့်ထားတဲ့ သထုံမြို့ခံတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာဆိုရင် သထုံမြို့နယ်မှာ ထိုင်းကုန်ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်နဲ့ ဆိုင်တွေကို ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုတွေ ရှိနေပြီး ကုန်သည်တွေဟာ လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကျစရိတ် များစွာ ပေးဆောင်နေရတာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
“သုံးနေကျ cosmetic တွေကတော့ တစ်ခါဝယ် ဈေးတစ်ခါ ပြောင်းတယ်။ ဈေးက ခုန်ခုန်တက်တာ။ L’Oréal မျက်နှာသစ်ဆေးဆို အရင်က တစ်ဘူး ၇ ထောင်လောက်ပဲ၊ အခုနောက်ပိုင်း ၁၅,၀၀၀ ဖြစ်သွားပြီ” လို့ သထုံမြို့မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း လက်ရှိ အခြေအနေတွေကို ရှင်းပြပါတယ်။
ကုန်သည်တွေဘက်ကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကျစရိတ် မြင့်တက်လာမှုနဲ့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေကြောင့် ပစ္စည်း တင်သွင်းမှု လျော့နည်းလာပြီး ဈေးကွက်အတွင်း ပစ္စည်း ရှားပါးမှု ပိုမို ဖြစ်လာတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကုန်ပစ္စည်းတွေကို မှောင်ခို တင်သွင်းနေရပြီး တန်ဆာခတွေ ဈေးအဆမတန် မြင့်တက်နေကာ ကုန်ဈေးနှုန်းတွေဟာ ၃ ဆ၊ ၄ ဆလောက်ထိ ဈေးတွေ မြင့်တက်နေသလို ပစ္စည်း ရှားပါးမှုတွေလည်း ဖြစ်နေတာပါ။
“ယိုးဒယားပစ္စည်း ရောင်းရင်တောင် တစ်ခုနှစ်ခုပဲ ရောင်းပြီး ကျန်တာ ခိုးဖွက်ထားဆိုပြီး ရုံးက ကိုယ်တိုင် ပြောတယ်။ အခွန်လာကောက်တာ ၂ သိန်းတဲ့။ ပြေစာ ပြန်ပေးတော့ ပြေစာ စာရွက်ထဲမှာ ငါးသောင်းတဲ့။ အသိ အစ်မတစ်ယောက်တုန်းကကျ အခွန်လာကောက်တာ ၄ သိန်းတဲ့။ ပြေစာ ပြန်ရတော့ ၅ သောင်းတဲ့။ သူက လုပ်ငန်း နည်းနည်းကြီးလို့ ထင်တယ်” လို့ အလှကုန်ပစ္စည်းတွေ ရောင်းတဲ့ မပန်ပန်ကလည်း ပြောပါတယ်။
မြန်မာပြည်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံက လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အဓိက အားထားနေရတာ ဖြစ်ပြီး စစ်အုပ်စုက တရားမဝင် ကုန်ပစ္စည်းတွေဆိုပြီး ဖမ်းဆီးနေတာကြောင့် ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်တာနဲ့ ကုန်ပစ္စည်း ပြတ်လပ်တာတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
အလှကုန်နဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေဟာ အရင်က မိမိကိုယ်ကို ဂရုစိုက်ဖို့ အသုံးပြုခဲ့တဲ့ နေ့စဉ် ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ လူအများအတွက် စားဝတ်နေရေးနဲ့ ချိန်ဆပြီးမှ ရွေးချယ်ရတဲ့ အရာတစ်ခု ဖြစ်လာနေတာပါ။
မမေလို အမျိုးသမီးတွေအတွက်တော့ အလှအပကို စွန့်လွှတ်လိုက်တာ မဟုတ်ပေမဲ့ လက်ရှိ ဘဝအခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ထက် ရှင်သန်နိုင်ဖို့ကို အရင် ရွေးချယ်နေရတာလည်း ဖြစ်ပါတယ်။
“အဓိကက လှတာလေးတွေ ကောင်းတာလေးတွေ တွေ့ရင် လိုချင်ပေမဲ့လည်း လိုအပ်တာလောက်ပဲ ဝယ်ဖြစ်တော့တာပေါ့” လို့ မမေက ပြောပါတယ်။
