ထိုင်းက ဖမ်းဝရမ်း ထုတ်ထားတဲ့ မြန်မာ နယ်ခြားစောင့်တပ် တပ်ရင်းမှူး ဗိုလ်မုတ်သုန် မြဝတီမှာ အလှူအတန်း မပြတ်ဘဲ နေထိုင် သွားလာနေ
ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီမြို့မှာ နေထိုင်တဲ့ မြန်မာ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းမှူး ဗိုလ်မှူး စောမုတ်သုန် ဟာ ထိုင်းနိုင်ငံက အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေမှာ အဓိက ပြစ်မှု ကျူးလွန်သူအဖြစ် ဇူလိုင် ၂၆ ရက်က ဖမ်းဝရမ်း ထုတ်ပြန်ထားပေမဲ့ မြန်မာဘက်အခြမ်း မြဝတီမြို့မှာတော့ အလှူအတန်း မပြတ်တဲ့ ဘုရားဒါကာကြီးအဖြစ် အသွားအလာ မပြတ် နေထိုင်နေကြောင်း မြဝတီမြို့ခံတွေက ပြောပါတယ်။
အခုလို ထိုင်းနိုင်ငံက ဖမ်းဝရမ်း ထုတ်ခံရသူဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ပြည်သူ့စစ် မဟာဗျူဟာဌာန လက်အောက်ခံ BGF တပ်ရင်း (၁၀၂၂) က တပ်ရင်းမှူး ဗိုလ်မှူး စောမုတ်သုန် ဖြစ်နေပြီး ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ အသွင်နဲ့ မြဝတီမြို့ဘက်မှာ မသမာတဲ့ စီးပွားရေးလုပ်ငန်း မျိုးစုံ လုပ်ကိုင်နေသူလို့ မျက်မြင်သိရှိတဲ့ မြဝတီမြို့ခံတွေက ပြောပြတာပါ။
“မုတ်သုန်ဆိုတာ အရင်က မြိုင်ကြီးငူ DKBA ပေါ့နော်။ အဲဒီခေတ်က ၇ ဂိတ်ဆိုတာ သူ့ရဲ့ သောင်းရင်းမြစ် ထိုင်းဘက် ဝင်ထွက်တဲ့ ခိုးကူးဂိတ်ပေါ့။ အဲဒီကနေ တရားမဝင် လုပ်ငန်းတွေ လုပ်ရာက ကြီးပွားလာတဲ့သူပါ။ မြေသိမ်းယာသိမ်း၊ ရွာသားတွေကို ဗိုလ်ကျ အုပ်ချုပ်ရာကနေ အခု BGF ဘက်ပြောင်းပြီး တရုတ်ကျားဖြန့်ခေတ် ရောက်တော့ အကောင်ကြီးသွားပြီ၊ ပိုချမ်းသာသွားပြီ။ မြဝတီမှာ မြို့ရဲ့ သုံးပုံ နှစ်ပုံလောက်က သူ့အပိုင်တွေချည်းပဲ။ ဘုရားတရားနဲ့ ဒေသဖွံ့ဖြိုးရေး၊ အလှူအတန်းတွေ ကျားဖြန့် ငွေလိမ်ဂိုဏ်းက ရတာတွေနဲ့ ဟန်ပြ လုပ်ပြ၊ သွားလာပြနေတာ” လို့ ပြောပြပါတယ်။
လက်ရှိ ဗိုလ်မုတ်သုန်ကို ထိုင်းနိုင်ငံ အစိုးရက ကျားဖြန့် လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်း ထုတ်ထားသလို စစ်အုပ်စုရဲ့ အတုအယောင် လွှတ်တော်က ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က အတည်ပြု ထုတ်ပြန်တဲ့ အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ ငြိစွန်းနေတဲ့ လုပ်ငန်းတွေကို ဒီကနေ့အထိ ဆက်လက် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သူ့ရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေအကြောင်း သိတဲ့ မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ထပ်မံ ပြောပြပါတယ်။
“ဖိုးမုတ်သုန်က မြဝတီ သောင်းရင်းမြစ်ဘေး BGF ဂိတ်နေရာ ခြံဝင်း တော်တော်များများက ကျားဖြန့်ရုံ၊ ဂိမ်းရုံ၊ ကာစီနို၊ ကာရာအိုကေ၊ နိုက်ကလပ်၊ ဖာရုံတွေနဲ့ တရုတ်နဲ့ နိုင်ငံခြားသားတွေ နေတဲ့ တိုက်တန်းလျားတွေ အများကြီး ရှိနေတယ်။ ၂၇၅ စစ်တပ်ကလည်း သိတယ်၊ မဖမ်းရဲဘူး။ မေတ္တာလင်းမြိုင်ရွာ BGF တပ်ရွာကြီးကနေ သောင်းရင်းမြစ်ဘေး ကုန်သွယ်ရေးတံတား (၂) နားအထိက သူ့ရဲ့ တရုတ်ကျားဖြန့်နေရာတွေ၊ ထိုင်းပစ္စည်း ခိုးကူးဂိတ်တွေချည်းပဲ။ အဲဒီမှာ သူ့ရဲ့ တပည့်တွေကို အုပ်ချုပ် လုပ်ပိုင်ခွင့် ပေးထားတာမျိုး ရှိနေတုန်းပဲ” လို့ ပြောပြပါတယ်။
ဒါ့အပြင် ဗိုလ်မုတ်သုန်ရဲ့ BGF ကိုယ်ပိုင်တပ်ရင်း (၁၀၂၂) တပ်အပါအဝင် ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ လှိုင်းဘွဲ့၊ မြိုင်ကြီးငူ၊ ဘီးလင်း၊ သထုံ ဒေသဘက်အထိ BGF အမည်ခံ တရားမဝင် စီးပွားရေး လုပ်ကိုင်ကြတဲ့ လက်နက်ကိုင် တပည့်အဖွဲ့တွေ အင်အား ထောင်ချီ ရှိနေပြီး စစ်အုပ်စုအနေနဲ့ ဖမ်းဆီး အရေးယူဖို့ မဖြစ်နိုင်ဘူးလို့ BGF တပ်ဖွဲ့နဲ့ စီးပွားရေး လုပ်ဆောင်ဖူးသူက ပြောပါတယ်။
လက်ရှိမှာတော့ မြဝတီမြို့က ဗိုလ်မုတ်သုန်ဟာ တရုတ်ကျားဖြန့် တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်းက ဝင်ငွေတွေနဲ့ ဒေသ ကျေးရွာ၊ ရပ်ကွက်တွေမှာ ကျောင်းတွေ ပြန်ဆောက်ပေးတာ၊ ကျောင်းသုံး စာရေးကိရိယာတွေ ဝေငှပေးတာ၊ ဆန်၊ ဆီ၊ စားသောက်စရာတွေ ပေးဝေတာ၊ တံတားဆောက်၊ လမ်းဖောက်၊ ဘုရားပြင်၊ ဝါဆိုသင်္ကန်းကပ် အလှူတွေကို မြဝတီမြို့ရဲ့ ဘုရားဒါကာ၊ ကျောင်းဒါကာကြီးရဲ့ အလှူဆိုတဲ့ ပုံစံနဲ့ သူ့ကို ထောက်ခံတဲ့သူတွေက သတင်းဓာတ်ပုံနဲ့ ရုပ်သံတွေ အချိန်ကိုက် လူမှုကွန်ရက်ပေါ် ဖြန့်ဝေပေးနေတာကို တွေ့ရပါတယ်။
အခုလို ထိုင်းအစိုးရက မြဝတီမြို့ BGF တပ်ရင်းမှူး ဗိုလ်မုတ်သုန် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ ကိစ္စကို ဖမ်းဝရမ်း ထုတ်ပြန်ထားတဲ့ သတင်းတွေ ပြန့်နှံ့နေတဲ့အပေါ် စစ်အုပ်စုက တစ်စုံတစ်ရာ ထုတ်ပြန် ရှင်းလင်းတာမျိုး မရှိသေးသလို ဗိုလ်မုတ်သုန် အနေနဲ့လည်း မှတ်ချက်ပေး ဖြေရှင်းတာမျိုး မတွေ့ရှိရသေးပါဘူး။
ဓာတ်ပုံ – လူမှုကွန်ရက်
