မူးမြစ် ရေလျှံမှုကြောင့် တံတားနှစ်စင်း ရေစီးထဲမျော၊ ကျေးရွာ ၄၀ နီးပါး ရေဘေးကြုံ

Author CJ Platform
Categories
Published on Aug 06, 2026

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အကြားမှာရှိတဲ့ မူးမြစ် ရေလျှံလာတာကြောင့် ဩဂုတ် ၅ ရက်မှာ တံတား နှစ်စင်း ရေစီးနဲ့ မျောပါပြီး ကျေးရွာပေါင်း ၄၀ နီးပါး ရေဘေး အခက်ကြုံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

အဆက်မပြတ် ရွာသွန်းတဲ့ မိုးနဲ့ သဖန်းဆိပ်က ရေကျော်လာတာကြောင့် မူးမြစ်နဲ့ စည်တုံလုံးချောင်းတို့မှာ မြစ်ရေလျှံပြီး ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရေက အတော်တက်လာတာ။ မူးမြစ်ကူးတဲ့ တံတားနှစ်စင်း ရေထဲ ပါသွားပြီ။ တန့်ဆည်မှာဆို ကပျူ၊ သာခေါင်ကြီး၊ ဝက်သိုး ရွာတွေ ရေဘေးလွတ်ရာ ရှောင်ကုန်ပြီ။ အောင်သုခနဲ့ ဉာဏ်သာရွာက လူတွေရောပဲ” လို့ ပြောပါတယ်။

 

တန့်ဆည်မြို့နယ်မှာ မူးခွ၊ ရွှေလှံ၊ သာစည်ကုန်း၊ ငတန်း၊ ရသစ်၊ ဉာဏ်သစ်၊ အောင်သုခ၊ ကပျူ၊ သာခေါင်ကြီးနဲ့ ဝက်သိုးကျေးရွာက အိမ်ခြေ ၂ ရာနီးပါး ပြေးလွတ်ရာဆီ ပြောင်းရွှေ့နေရတယ်လို့ သူက ပြောပြပါတယ်။

 

ကန့်ဘလူမြို့နယ်မှာလည်း ကံရိုး၊ မိုးကောင်း၊ မူးကျင်းစု အပါအဝင် မူးမြစ်တစ်လျှောက်မှာရှိတဲ့ ကျေးရွာ အတော်များများ ရေဘေးသင့်နေတယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တန့်ဆည်နဲ့ ကန့်ဘလူ နှစ်မြို့နယ်ပေါင်းရင် ရေဘေးသင့်တဲ့ရွာ ၄၀ နီးပါး ရှိတယ်။ လက်ရှိလည်း မိုးက ရွာနေတယ်။ တချို့ရွာတွေက ရေတက် အနေအထားကို ကြည့်ပြီး ရွှေ့ပြောင်းဖို့ အခြေအနေ စောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်ကနေ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်ရေကာ တာကျိုးပေါက်ပြီး လူဦးရေ ၃ သောင်းကျော် ရေဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။

အလားတူပဲ ရှမ်းပြည် (တောင်ပိုင်း)၊ ဟိုပုံးမြို့၊ ရှမ်းပြည် (မြောက်ပိုင်း)၊ လားရှိုး၊ သီပေါ၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ ကချင်ပြည်၊ မိုးကောင်းမြို့တို့မှာ အဆက်မပြတ် ရွာသွန်းတဲ့ မိုးကြောင့် ရေကြီး ရေလျှံခဲ့ပြီး ပြည်သူတွေ ရေဘေးသင့်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ဒေသခံ

 

Related News

Depend on news