ရထားပေါ်က ဒဏ်ငွေ တစ်သိန်း ကိစ္စကြောင့် မွန်ပြည်နယ် အုပ်ချုပ်ရေးမှူး ပြောင်းရွှေ့ခံရ

Author CJ Platform
Categories
Published on Aug 06, 2026

DEMU ရထားပေါ်မှာ စည်းကမ်းမဲ့ နေထိုင်ခဲ့တဲ့ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မြသန်း အပါအဝင် ၅၄ ဦးကို ဒဏ်ငွေ တစ်သိန်းပဲ ပေးဆောင်ရအောင် ကူညီပေးခဲ့တဲ့ စစ်အုပ်စုရဲ့ မွန်ပြည်နယ် အုပ်ချုပ်ရေးမှူးကို စစ်အုပ်စုက ပြောင်းရွှေ့လိုက်တယ်လို့ Non-CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

 

မွန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး ကို မန္တလေးတိုင်း အစိုးရအဖွဲ့ဆီ ပြောင်းရွှေ့လိုက်ပြီး သူ အစား စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ကို ပြောင်းရွှေ့ ခန့်ထားလိုက်တာလို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူ့မိန်းမက ပြည်နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌဆိုတော့ ဒေါ်မြသန်းတို့အဖွဲ့ကို ဒဏ်ငွေ တစ်သိန်းပဲ အမိန့်ချအောင် မြို့နယ်ကို ဖိအားပေးတာပေါ့။ အဲဒီကိစ္စကို တိုင်းရုံးက တိုင်လို့ ပြောင်းလိုက်တာ။ ပြည်နယ် အုပ်ချုပ်ရေးမှူး အသစ်တောင် ရုံးတက်နေပြီ” လို့ ပြောပါတယ်။

 

ဒေါ်မြသန်း အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ မွန်ပြည် အမျိုးသမီးရေးရာအဖွဲ့ထဲမှာ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ဇနီးဖြစ်သူ ဒေါ်သီတာဆွေ က နာယကဖြစ်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး ဇနီး ဒေါ်အိနန္ဒာဝင်း က ဥက္ကဋ္ဌ ဖြစ်တယ်လို့ သူက ပြောပြပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်က ရန်ကုန် – မော်လမြိုင် အမှတ် (၈၄) DEMU အစုန်ရထားပေါ်မှာ စည်းကမ်းမဲ့ နေထိုင်ခဲ့ကြတဲ့ ဒေါ်မြသန်း ဦးစီးတဲ့ မော်လမြိုင် ကမ်းနားလမ်း အားကစားအဖွဲ့မှ ၅၄ ဦးကို မော်လမြိုင် ဘူတာရုံပိုင်က ပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့် အရေးယူခဲ့ပြီး ဇူလိုင်လ ၂၇ ရက်မှာ ဒဏ်ငွေ တစ်သိန်း အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

 

ဒေါ်မြသန်းတို့အဖွဲ့ နည်းတူ DEMU ရထားပေါ်မှာ ကွမ်းတံထွေး ထွေးလို့ ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့်ခံရတဲ့ ပျဉ်းမနားမြို့နေ မခင်မာလွင်၊ မဖြူဖြူလွင်၊ မသန်းသန်းထွေး နဲ့ ဒေါ်ခင်သန္တာအောင် တို့ကို ပျဉ်းမနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့တာပါ။

 

DEMU ရထားပေါ်က စည်းကမ်းမဲ့ နေထိုင်တာခြင်း အတူတူ ကျောမွဲ လူတန်းစားကို ပုဒ်မ ၈၈ (က) အရ ထောင်ဒဏ် ၁ လ အမိန့်ချပြီး ပြည်နယ် အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်မြသန်း အပါအဝင် ၅၄ ယောက်ကို ဒဏ်ငွေ တစ်သိန်း အမိန့်ချတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက် မွန်ပြည် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး ပြောင်းရွှေ့ခံရတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news