ဖလမ်းမှာ စစ်အုပ်စုက ကျောင်းပညာရေးနဲ့ ကင်းကွာနေတဲ့ ကလေးတွေအတွက် Placement Test ဒုတိယအကြိမ် ကျင်းပမယ်

Author CJ Platform
Categories
Published on Aug 04, 2026

စစ်အုပ်စုက ပြန်လည်ထိန်းချုပ်လာပြီးနောက် ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနဲ့ ကာလရှည် ကင်းကွာနေရတဲ့ ကလေးငယ်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် စာမေးပွဲ မဖြေဆိုလိုက်ရတဲ့ ကလေးတွေအတွက် ဒုတိယအကြိမ် အရည်အချင်းစစ် စာမေးပွဲ (Placement Test) ကို လာမယ့် ဩဂုတ် ၉ ရက်နေ့မှာ ပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့ ဒေသခံ ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

 

အဆိုပါ Placement Test ကို ဖလမ်းမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဖြေဆိုလိုတဲ့ ကျောင်းသား/သူများအနေနဲ့ လာမယ့် ဩဂုတ် ၆ ရက်နေ့ကို နောက်ဆုံးထားပြီး နာမည်စာရင်း ပေးသွင်းကြရမှာ ဖြစ်ပါတယ်။

 

အခုအကြိမ် ကျင်းပမယ့် စာမေးပွဲစနစ်နဲ့ ပတ်သက်ပြီး ဖလမ်းမြို့က ကျောင်းဆရာတစ်ဦးက မူလတန်းနဲ့ အလယ်တန်း ကျောင်းပြင်ပပညာရေးဆိုပြီး ခွဲခြားသတ်မှတ်ထားကြောင်း အခုလို ရှင်းပြပါတယ်။

 

“ဒီတစ်ခေါက်က အရင်လိုမျိုး မဟုတ်ဘဲ မူလတန်းအဆင့် ကျောင်းပြင်ပပညာရေး (NFPE) နဲ့ အလယ်တန်းအဆင့် ကျောင်းပြင်ပပညာရေး (NFME) ဆိုပြီး ၂ မျိုး ခွဲထားပါတယ်။ NFPE မှာ Level 1 (G1, G2, G3) နဲ့ Level 2 (G4, G5) ပါဝင်ပြီး NFME မှာတော့ Level 1 (G6)၊ Level 2 (G7, G8) နဲ့ Level 3 (G9) တွေ ပါဝင်ပါတယ်” လို့ ပြောပါတယ်။

 

အသက်အရွယ်နဲ့ ဖြေဆိုခွင့် သတ်မှတ်ချက်တွေအရ မူလတန်းအဆင့် ကျောင်းပြင်ပပညာရေး (NFPE) Level 1 အတွက် ကျောင်းတစ်ခါမှ မတက်ဖူးတဲ့ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်အတွင်း ကလေးတွေ ဖြေဆိုနိုင်ပြီး Level 2 အတွက်ကတော့ G3 အောင်မြင်ထားသူတွေ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ အလယ်တန်းအဆင့် (NFME) Level 1, 2, 3 တွေအတွက်ကတော့ အသက် ၁၃ နှစ်ကနေ ၂၁ နှစ်အတွင်း သက်ဆိုင်ရာ အတန်းအောင်မြင်ထားသူတွေ အဆင့်လိုက် ဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။

 

ချင်းပြည်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပထမအကြိမ် Placement Test စာမေးပွဲမှာ နာမည်စာရင်း ပေးသွင်းသူ ကျောင်းသား/သူ ၈,၀၀၀ ကျော် ရှိခဲ့ပြီး ၇,၁၈၉ ဦး ဖြေဆိုနိုင်ခဲ့ပေမဲ့ နယ်မြေအခြေအနေနဲ့ သွားလာရေး အခက်အခဲတွေကြောင့် ကျောင်းသား/သူ ၁,၀၀၀ ကျော် ဖြေဆိုဖို့ ပျက်ကွက်ခဲ့ရပါတယ်။

 

အခု ကျင်းပမယ့် ဒုတိယအကြိမ် စာမေးပွဲဟာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရတဲ့ ဖလမ်းမြို့ပေါ်နဲ့ အနီးဝန်းကျင်က ကျောင်းပြင်ပရောက် ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။

 

CJ – 014

ဓာတ်ပုံ – CJ