ရေကြီးရေလျှံနေတဲ့ လေးမျက်နှာမြို့ပေါ်မှာ စိတ်ကျန်းမာရေး မကောင်းတဲ့ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး ရေနစ်သေဆုံး
ရေကြီးရေလျှံနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ နှစ်ထပ် နေအိမ်အောက်ထပ်မှာ အသက် ၇၀ အရွယ် စိတ်ကျန်းမာရေး မကောင်းတဲ့ အဘွားအိုတစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရေကြီးရေလျှံဖြစ်ချိန် ဘေးလွတ်ရာဆီ ရွှေ့ပြောင်းချိန် စိတ်ကျန်းမာရေး မကောင်းတဲ့ အဘွားအိုကို ဒေသခံတွေက အကြိမ်ကြိမ် ခေါ်ယူခဲ့ပေမဲ့ လိုက်ပါတာ မရှိတာကြောင့် ရေနစ်သေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒီနေ့ မနက် မြို့ပေါ် ၃ ရပ်ကွက်မှာ ရေနစ်သေတဲ့ အမျိုးသမီး အလောင်းတွေ့တယ်။ အသက် ၇၀ နီးပါးရှိပြီး စိတ်ကျန်းမာရေး မကောင်းဘူးလို့ ပြောတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးကြီးရဲ့ ရုပ်အလောင်းကို ကိုပူတူးနဲ့ ဘော်ဒါများအဖွဲ့က သွားရောက် သယ်ဆောင်ခဲ့ပြီး မေတ္တာသီတာ ရေစင်အသင်းက ဟင်္သာတမြို့နယ် ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်ဟာ လက်ရှိအချိန်ထိ ရေမကျသေးတာကြောင့် ပိတ်မိနေသူတွေ ရှိသလို သောက်ရေသန့်နဲ့ အစားအသောက် လိုအပ်နေသူတွေလည်း ရှိတယ်လို့ ကူညီပေးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒေါင့်ကြီးရွာဘက်မှာ ပိတ်မိနေတဲ့သူတွေ ရှိတယ်။ အိုင်သပြုဘက်မှာ သောက်ရေသန့်နဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်နေတယ်။ ဝဲဒေါင့်နဲ့ မန်ကျောင်းဘက်ရောပဲ” လို့ ပြောပါတယ်။
ငဝန်မြစ်ရေကာ တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၄ ရွာမှာ ရေဘေးသင့်ခဲ့ပြီး လူဦးရေ ၁၅,၀၀၀ နီးပါး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။
ဓာတ်ပုံ – ပရဟိတအဖွဲ့များ
