ရခိုင်မှာ မိုးရာသီကာလအတွင်း ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာ
ရခိုင်ပြည်မှာ မိုးရာသီကာလ ရောက်ရှိလာတာနဲ့အမျှ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေဝပ်မှုတွေ များပြားလာတာကြောင့် ခြင်ကတဆင့် ကူးစက်တဲ့ ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းဟာ ပိုမို မြင့်တက်လာနေတယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေး သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
အထူးသဖြင့် ရခိုင်က တောတောင် ထူထပ်တဲ့ တောဖျားချောင်းဒေသ၊ စမ်းပတီးချောင်းဒေသတွေအပြင် မြို့နယ်အချို့မှာလည်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ စမ်းပတီးချောင်းဒေသက ကျေးရွာ ၅ ရွာမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူ လူနာ ၆၀ ခန့်အထိ ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုခိုင်ဟိန်းထက် က ပြောပါတယ်။
“ကျွန်တော်တို့ ငှက်ဖျားတိုက်ဖျက်ရေး ကူညီကယ်ဆယ်ရေး သွားရောက် ဆောင်ရွက်ပေးခဲ့တဲ့ ရွာတွေဟာ နှစ်စဉ် ငှက်ဖျားဖြစ်ပွားမှုတွေ ရှိပါတယ်။ ဒီနှစ်မှာလည်း တစ်လအတွင်း လူဦးရေ ၆၀ လောက် ငှက်ဖျားဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီရွာတွေဟာ ဝေလံခေါင်သီတဲ့ နေရာတွေဖြစ်လို့ ငှက်ဖျားဖြစ်တယ်ဆိုရင် ဆေးဝါး မလုံလောက်တာတွေ ရှိတဲ့အတွက် ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ငှက်ဖျားတိုက်ဖျက်ရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးနေတာပါ” လို့ ကိုခိုင်ဟိန်းထက် က ဆိုပါတယ်။
ဒါ့ပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသမှာလည်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ရောဂါဖြစ်ပွားသူ လူနာ ၁၀၀ မှာ တစ်ဦးနှုန်း သေဆုံးနေတယ်လို့ သူက ဆက်လက် ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကျောက်တော်မြို့နယ်က ငတံရံကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတွေမှာ လူ ၂၁၉ ဦးကို ငှက်ဖျား စစ်ဆေးခဲ့ရာမှာ ၄၉ ဦးဆီမှာ ငှက်ဖျားရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ကျောက်တော်မြို့နယ်က ကျေးရွာအချို့မှာလည်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုဟာ အရင်နှစ်တွေထက် မြင့်တက်နေတယ်လို့ ကျန်းမာရေး သတင်းအရင်းအမြစ်တစ်ဦးဆီက သိရပါတယ်။
“ဆရာမ အပိုင်ရွာတွေမှာ ဇွန်လက လူနာ ၁၇ ယောက် ငှက်ဖျားစစ်တာ ၁၀ ဦး ပိုးတွေ့တယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လက လူနာ ၅၀ စစ်တာ ၁၇ ဦး ပိုးတွေ့တယ်၊ ဇူလိုင်လအတွင်းက အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ဆေးရုံရောက် နောက်ကျလို့ ဆုံးသွားတယ်၊ နောက်ထပ် အသက် ၂၈ နှစ်အရွယ် ကလေးမိခင်တစ်ဦးလည်း ဆေးကုသစရိတ် အခက်အခဲရှိတဲ့အတွက် ဆေးကုသမှု ခံယူတာ နောက်ကျပြီး ဆုံးသွားရတယ်၊ ဒီက ဒေသခံတွေက တောတောင်တွေထဲမှာ လုပ်စားရတာများတယ်၊ ပြီးတော့ ခရီးသွားတဲ့ နေရာတွေဆီကနေ ငှက်ဖျားရောဂါ ကူးလာတဲ့သူတွေလည်း ရှိတယ်လို့” သူမက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှာ ငှက်ဖျား၊ သွေးလွန်တုတ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ပြီးတော့ လူဦးရေ ၁၅၀ နီးပါး ကူးစက်ခံခဲ့ရကာ နို့တိုက်မိခင် ၂ ဦးအထိ သေဆုံးခဲ့ရပါတယ်။
ရခိုင်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကစလို့ ဇူလိုင်လ ၃၀ ရက်နေ့အထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူရသူ ၁၅၅ ယောက်အထိ ရှိခဲ့ပြီးတော့ သေဆုံးသူ ၃ ဦးအထိ ရှိခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (Arakkha Health Department) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း
