လေးရက်တာအတွင်း မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ ပြည် အများအပြားမှာ မိုးကြီးနိုင်


ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေတာကြောင့် ဒီကနေ့ ဩဂုတ် ၁ ရက်နေ့ကစပြီး ဩဂုတ် ၅ ရက်နေ့အထိ တိုင်းနဲ့ ပြည် အများအပြားမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

 

မိုးဇလရဲ့ ဒီကနေ့ ဩဂုတ်လ ၁ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနေပြီး နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင် လေဟာ တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

 

မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကိုလည်းကောင်း ကြိုတင်သတိပြုကြဖို့ အသိပေးထားပါတယ်။

 

အလားတူ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း လိုအပ်တဲ့ ကြိုတင်သတိပြုမှုတွေ ပြုလုပ်ကြဖို့ မိုးဇလက နှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – မိုးဇလ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့