ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုတစ်ခုတည်းနဲ့ နိုင်ငံရေးအကျပ်အတည်း တိုးတက်လာပြီလို့ မယူဆနိုင်ကြောင်း NLD ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့မှုအပေါ် ICRC ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုပေမဲ့ အခုတွေ့ဆုံမှု တစ်ခုတည်းနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း အပြုသဘောဆောင်တဲ့ အလှည့်အပြောင်း ဖြစ်ပေါ်လာပြီလို့ မယူဆသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ICRC ရဲ့ လုပ်ငန်းတာဝန်တွေကို အပြည့်အဝ ဆက်လက် ဆောင်ရွက်ခွင့် ရှိ၊ မရှိနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှုတွေကိုသာ စောင့်ကြည့်သင့်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးရဲ့ အသက်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံလောက်တဲ့ အစားအသောက် ရရှိရေးတို့အပြင် မိသားစု၊ ရှေ့နေတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့် ရရှိရေးတို့ကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ အာမခံ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေဟာ ပြည်သူလူထုရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားခြင်း၊ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးခြင်းနဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေကို အကောင်အထည်ဖော်ခြင်းတို့သာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မျှော်မှန်းထားတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့် ရရှိရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာခြင်းတို့ကိုသာ နိုင်ငံရေးအကျပ်အတည်း တိုးတက်မှု အညွှန်းကိန်းတွေအဖြစ် သတ်မှတ်နိုင်မယ်လို့ NLD က ဆိုပါတယ်။
NLD အနေနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ဆန္ဒကို လေးစားပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ပြည်သူနဲ့အတူ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
