တရားမျှတမှု ပျောက်ဆုံးနေဆဲဖြစ်တဲ့ ကုန်းသာရွာ လူသတ်မှု
“ကျွန်မတို့ကတော့ မိဘနှစ်ပါး ဒီလောက်အထိ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ… အခုထိ အရမ်းနစ်နာတယ်၊ ယူကျုံးမရ ခံစားရတယ်…”
ဒါကတော့ တစ်သက်တာလုံး အစားထိုးမရတော့မယ့် မိဘနှစ်ပါးစလုံးကို တစ်နေ့တည်း၊ တစ်ချိန်တည်းမှာ ရက်ရက်စက်စက် ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူ သမီးငယ်ရဲ့ ရှိုက်ကြီးတငင် ပြောပြလာတဲ့ နာကျင်စရာ သောကစကားသံပဲ ဖြစ်ပါတယ်။
မျှော်လင့်ချက်တွေ ဝေဆာနေတဲ့ မြေပဲခင်းလေးထဲမှာ ခေါင်းမရှိတော့တဲ့ မိဘနှစ်ပါးရဲ့ ရုပ်အလောင်းတွေကို မျက်ဝါးထင်ထင် တွေ့လိုက်ရတဲ့နေ့ကစလို့ သမီးဖြစ်သူအတွက်တော့ ကမ္ဘာပျက်ခဲ့ရပါတယ်။ ပိုပြီးရင်နာဖို့ကောင်းတာက တရားဥပဒေအပေါ် ယုံကြည်မှုအပြည့်နဲ့ သမီးဖြစ်သူကို အားပေးခဲ့တဲ့ သူမရဲ့ ဖခင်ဖြစ်သူ ဦးထွန်းရဲ့ မျှော်လင့်ချက်ဟာ လက်နက်အားကိုး စိတ်ကြွနေသူတွေရဲ့ လက်အောက်မှာ သဲသဲကွဲကွဲ ပျက်စီးသွားခဲ့ရတာပါပဲ။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကုန်းသာရွာမှာ ဖြစ်ပွားခဲ့တဲ့ ဒီလူသတ်မှုဆိုးဟာ အာဏာနဲ့ လက်နက်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့ဘဏ္ဍာအပေါ် ရိုးသားဖြောင့်မတ်ခဲ့တဲ့ ဇနီးမောင်နှံကို ရက်ရက်စက်စက် အသက်လုယူခဲ့ကြပေမဲ့၊ ဒီနေ့ထက်ထိ ကျူးလွန်သူတွေဟာ လွတ်လပ်စွာ သွားလာနေဆဲဖြစ်ပြီး တရားမျှတမှုကတော့ သဲလွန်စမရှိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရိုးသားမှုနှင့် စာရင်းဇယားကြောင့် ရန်ငြိုးစတင်ခြင်း
ဦးထွန်းတို့ ဇနီးမောင်နှံနှစ်ဦးဟာ စိတ်တူကိုယ်တူရှိလှတာကြောင့် ရပ်ရွာအကျိုး လုပ်ဆောင်နေတဲ့ ဦးထွန်းအပေါ် ဇနီးဖြစ်သူကလည်း အစဉ်တစိုက် အားပေးထောက်ခံခဲ့ပါတယ်။ ဦးထွန်းဟာ ရပ်ရွာအကျိုးကို အမြဲရှေ့တန်းတင်ပြီး လုပ်ဆောင်တတ်သူဖြစ်တာနဲ့အညီ တော်လှန်ရေးအစဦး ကာလကတည်းက အားတက်သရော ထောက်ပံ့ကူညီခဲ့သူ တစ်ဦးဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ လက်နက်ဝယ်ယူနိုင်ဖို့အတွက် ရပ်ရွာထဲကနေ ရန်ပုံငွေတွေကို ကိုယ်တိုင်ဦးဆောင်ပြီး အလှူခံကောက်ခံပေးခဲ့သလို၊ ကျေးရွာရန်ပုံငွေတွေကိုလည်း အများသဘော ဆန္ဒအလျောက်သာ ခွဲဝေထောက်ပံ့ပေးခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များတွင်လည်း ကိုယ်တိုင်ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်နက်ကိုင်ထားရလို့ စိတ်တွေကြွပြီး အာဏာပြချင်နေတဲ့ တပ်ဖွဲ့ဝင်အချို့ရဲ့ အပြုအမူတွေကိုတော့ သူ မကြည့်ရက်ခဲ့ပါဘူး။ ဒေသခံတွေနဲ့ မိသားစုတွေရဲ့ ပြောပြချက်အရ ကျေးရွာလျှပ်စစ်ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး ရွာကို ဘာမှရှင်းမပြဘဲ တစ်အိမ်ကို သိန်းလေးသောင်းကျော်စီ ခွဲဝေထားပြီးသား သိန်းလေးရာရှစ်ဆယ်ကျော်ကို သုံးစွဲခဲ့ပြီးနောက်၊ ဒေသခံကာကွယ်ရေးအဖွဲ့ (Local) ခေါင်းဆောင်ဖြစ်သူ ငကြွက် (ခ) ဆန်းနိုင်ဦး က ရွာလူငယ်ရန်ပုံငွေ သိန်း ၂၃၀ ကျော်ကို ထပ်မံတောင်းခံလာမှုကို ဦးထွန်းက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။
“ဒါတွေက ပြည်သူ့လက်ထဲက ကောက်ထားတဲ့ ပိုက်ဆံတွေပဲ။ သုံးရင် စာရင်းအင်း သေသေချာချာ ရှိရမယ်။ စာရင်းမရှိ အင်းမရှိ စိတ်ထင်သလို သုံးစွဲနေလို့ မဖြစ်ဘူး။ ခုငွေကလည်း ရွာလူငယ်လေးတွေနဲ့ဆိုင်တဲ့ငွေ၊ အကုန်လုံးချပြပြီး ငွေထိန်းနဲ့ငွေစာရင်းကိုင်တဲ့သူကို ချပြပြီးမှပေးမယ်” ရန်ပုံငွေကိစ္စနဲ့ နောက်ဆုံး တွေ့ဆုံစဉ်မှာ ဦးထွန်းပြောခဲ့တဲ့ စကားဖြစ်ကြောင်း ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြန်ပြောင်းပြောပြပါတယ်။
သူ့ရဲ့ စေတနာရှိပြီး ရိုးသားစွာ ထောက်ပြပြောဆိုချက်တွေကိုတော့ လက်နက်အားကိုးကာ စိတ်ကြွနေတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ (Local) ခေါင်းဆောင် ငကြွက် (ခ) ဆန်းနိုင်ဦးနှင့် အဖွဲ့က မခံချင်စိတ် ဖြစ်ခဲ့ကြပါတယ်။
သူတို့ကို ကန့်ကွက်သူ ဦးထွန်းအပါအဝင် ရွာသား ၇ ယောက်ခန့်ကို သတ်ဖြတ်ရန်အထိ ကြိုတင်စီစဉ်ခဲ့ကြပြီး ရွာထဲမှာလည်း “သတ်ရမယ့်သူတွေ ရှိသေးတယ်” ဆိုပြီး ကြိမ်းဝါးသံတွေ တိတ်တဆိတ် ပျံ့လွင့်လာခဲ့ပါတယ်။
ရွာထဲမှာ ကြိမ်းဝါးနေသံတွေကို စိုးရိမ်တကြီးနဲ့ “အဖေရယ်… ရွာထဲမှာ သတ်မယ်ဘာမယ် ပြောနေကြတာ ကြာပြီ။ သူတို့နဲ့ မပတ်သက်ပါနဲ့တော့။ သတိလည်း ထားပါဦး” လို့ သမီးဖြစ်သူက ပြောခဲ့ပေမဲ့၊ ဖခင်ဖြစ်သူ ဦးထွန်းကတော့ “ငါ့သမီးရယ်… အခုက ဥပဒေစိုးမိုးနေပြီပဲ။ သူတို့ ပြည်သူကို တစ်ဆလုပ်ရင် သူတို့ နှစ်ဆပြန်ခံရမှာ။ ငါ့သမီးကြောက်စရာမလိုဘူး” လို့ ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရက်စက်လွန်းသည့် စက်တင်ဘာနံနက်ခင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် မနက်ခင်းမှာတော့ ဦးထွန်းတို့ ဇနီးမောင်နှံ ပြန်ပေါ်မလာခဲ့ပါဘူး။ သမီးဖြစ်သူက စိုက်ခင်းကို လိုက်သွားတဲ့အချိန်မှာတော့ မြင်ရတဲ့ မြင်ကွင်းက ကမ္ဘာပျက်မတတ်ပါပဲ။ အေးချမ်းစွာ ရှင်သန်ခဲ့တဲ့ မိဘနှစ်ပါးစလုံးမှာ ဦးခေါင်းတွေ မရှိကြတော့ပါဘူး။ လက်တွေ၊ ဗိုက်တွေကအစ အူတွေထွက်တဲ့အထိ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံထားရပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေက ရစရာမရှိအောင် ဖြစ်နေခဲ့ပါတယ်။ ရက်စက်တဲ့ သတ်ဖြတ်သူတွေဟာ ဦးခေါင်းတွေကို ဖြတ်တောက်ပြီး တခြားတစ်နေရာမှာ သွားရောက်ဝှက်ထားခဲ့ကြတာ ဖြစ်တယ်လို့ ကျန်ရစ်သူသမီးဖြစ်သူက ပြောပြပါတယ်။
သက်သေများနှင့် ကွင်းဆက်များ
အမှုဖြစ်ပွားတဲ့နေ့မှာပဲ “တမာတောရုံး” ကို သွားရောက်တိုင်ကြားခဲ့ရာ မြို့နယ်ပလဖနှင့် တာဝန်ရှိသူများက အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ကြပါတယ်။ သတ်ဖြတ်သူတွေ သယ်ဆောင်သွားတဲ့ သွေးစက်လမ်းကြောင်းအတိုင်း လိုက်လံရှာဖွေရာကနေ ကျေးရွာသုဿာန်နဲ့ မလှမ်းမကမ်းရှိ တဲတစ်လုံးအတွင်း ဝင်ရောက်စစ်ဆေးရာမှာ ကျေးရွာပလဖအဖွဲ့ဝင်တွေ နေထိုင်တဲ့နေရာဝင်းအတွင်း ရေတွင်းမှာ အဝတ်အစားတွေ ရေစိမ်ထားတဲ့ ပုံးနှစ်ပုံးကို တွေ့ရှိခဲ့ရပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာမှာ စွမ်းနိုင်ဦး (ခ) ငကြွက် ကိုယ်တိုင် ဦးထွန်းရဲ့ဦးခေါင်းကို ဖြတ်တောက်စဉ် ဓားဦးနှင့် သူ့ရဲ့နဖူး ထိခိုက်မိပြီး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ငကြွက်ကိုယ်တိုင် ဦးထွန်းတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ဦးခေါင်းတွေ မြှုပ်နှံထားတဲ့နေရာကို ပြန်လည်ပြသပြီး တူးဖော်ပေးခဲ့တာကြောင့် သက်သေအထောက်အထားများနှင့်အတူ မြို့နယ်တရားရုံးကို လွှဲပြောင်းရောက်ရှိသွားခဲ့ပါတယ်။
ဥပဒေအထက်မှာ ရှိနေဆဲ လက်နက်ကိုင် ရဲဘော်တွေ
လူသတ်မှုမှာ ပါဝင်ကျူးလွန်သူ စုစုပေါင်း ၇ ဦး ရှိခဲ့ရာ ရေဦးမြို့နယ် NUG ပြည်သူ့တရားရေးရုံးက လူသတ်မှုတွင် ပူးပေါင်းပါဝင်တဲ့ အရပ်သားကျေးရွာသား ၂ ဦးအနက် တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ တစ်ဦးကို ထောင်ဒဏ် ၃ နှစ်အသီးသီးနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး ၂ နှစ်ဝန်းကျင်အကြာမှာပဲ အစိုးရသက်သေအဖြစ် ဆောင်ရွက်ပြီး ပြစ်ဒဏ်လျော့ပေါ့ကာ လွတ်မြောက်လာပါတော့တယ်။
ယခင်က ရွှေဘိုခရိုင် တပ်ရင်း (၇) (တန့်ဆည်တပ်ရင်း ၇) မှ ခွင့်ဖြင့်လာပြီး ကျေးရွာပလဖများနှင့် ပူးပေါင်းကာ လူသတ်မှုတွင် အဓိက လက်ချက်အဖြစ် ပါဝင်ခဲ့တဲ့ လက်နက်ကိုင် ရဲဘော် ၅ ဦးနဲ့ ပတ်သက်ပြီးတော့လည်း “သူတို့ရဲဘော်ပါဆိုပြီး တန့်ဆည်တပ်ရင်း-၇ က ခေါ်သွားပြီး ခုချိန်ထိ လွတ်လွတ်လပ်လပ် သွားလာနေတာပဲ။ စစ်ဆေးမှု၊ ပြစ်ဒဏ်ချမှတ်မှု ဘာတစ်ခုမှ မရှိသေးဘူး” လို့ ဒေသခံရဲဘော်တစ်ဦးက ဆိုပါတယ်။
သူတို့ဟာ မြေပြင်မှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေပြီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများသုံးကာ သာယာအေးချမ်းစွာ နေထိုင်နေကြတာကို ကျန်ရစ်သူသမီးဖြစ်သူ ကိုယ်တိုင် သွားရောက်တွေ့ရှိခဲ့ရပါတယ်။ ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းချိန်တွင်လည်း တပ်ရင်းမှူးကိုယ်တိုင် လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဖျက်ဆီးခိုင်းခဲ့ကြောင်း သိရပါတယ်။
“ပြည်သူကို တစ်ဆလုပ်ရင် နှစ်ဆပြန်ခံရမှာ” ကို မျှော်လင့်ခဲ့ရတဲ့ ဦးထွန်းရဲ့ ယုံကြည်ချက်နဲ့ သေဆုံးသွားခဲ့ရပြီး၊ တရားဥပဒေစိုးမိုးရေးကလည်း လက်နက်အားကိုးသူတွေရဲ့ လက်အောက်မှာ တရားမျှတမှုရရေးဝေးနေဆဲဖြစ်ပါတယ်။
