မြောက်ဦးနဲ့ မင်းပြားမြို့နယ်မှာ လေးမြို့မြစ်ရေတိုက်စားမှုကြောင့် နေအိမ်နှင့် ဆိုင်ခန်းတွေမျောပါပျက်စီး


ရခိုင်ပြည်အတွင်းရှိ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တို့မှာ လေးမြို့မြစ်ရေ ပြင်းထန်စွာ တိုက်စားမှုကြောင့် မြစ်ကြောတစ်လျှောက်က ကျေးရွာတွေနဲ့ မင်းပြားမြို့ပေါ် ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်း ၂၀ ထက်မနည်း ရေစီးနဲ့အတူ မျောပါပျက်စီးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့တုန်းက မြောက်ဦးမြို့နယ်၊ ဆီသည်ကျေးရွာအတွင်းမှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေနဲ့အတူ လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် လူနေအိမ် ၆ ဆောင်ထက်မနည်း ရေစီးနဲ့အတူ မျောပါဆုံးရှုံးခဲ့ရပြီး၊ အခြားလူနေအိမ် ၃၁ ဆောင်မှာလည်း ရေနစ်မြုပ်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ရတယ်လို့ သိရပါတယ်။

 

“ပထမဆုံး ရေစပြီး ကြီးတဲ့နေ့ကပေါ့ဗျာ၊ ရေတွေက တရိပ်ရိပ်နဲ့ တဖြည်းဖြည်း မြင့်တက်လာပြီး ရေစီးကလည်း အလွန်ပြင်းထန်လာတာ ဖြစ်ပါတယ်။ အဲဒီလို ရေစီးနဲ့အတူ သစ်တုံးကြီးတွေပါ အရှိန်ပြင်းပြင်းနဲ့ မျောပါလာတာပါ။ နေအိမ်တွေ ရေနစ်မြုပ်လာတဲ့အတွက် လူတွေကိုတော့ လှေတွေနဲ့ အမြင့်ပိုင်းနေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းပေးလိုက်ရပါတယ်။ မွေးမြူထားတဲ့ ဆိတ်တွေကိုတော့ အိမ်ပေါ်မှာ တင်ထားခဲ့မိတာ ရေစီးနဲ့အတူ အကုန်လုံး မျောပါသွားခဲ့ရတယ်။ ဘာပစ္စည်းမှလည်း မရလိုက်ပါဘူး၊ အိမ်ရော၊ ဆိတ်တွေပါ ဘာတစ်ခုမှ မကျန်တော့တာပါ” လို့ ဆီသည်ကျေးရွာက နေအိမ်မျောပါသွားသူ ဦးဇော်မီက ပြောပြပါတယ်။

 

လက်ရှိအချိန်မှာတော့ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရေဘေးသင့်မိသားစုဝင်တွေဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေထဲမှာ အရေးပေါ် ခိုလှုံနေထိုင်ကြရပြီး၊ သူတို့အတွက် လိုအပ်တဲ့ အရေးပေါ် စားနပ်ရိက္ခာတွေကို အာရက္ခပြည်သူ့အစိုးရဘက်က ကူညီထောက်ပံ့ပေးထားတယ်လို့ ဦးဇော်မီက ဆက်လက်ပြောပါတယ်။

 

အလားတူ မြောက်ဦးမြို့နယ်အတွင်းရှိ ရှမ်းတောင်ကျေးရွာမှာလည်း ရေကြီးနစ်မြုပ်မှုတွေကြောင့် လူနေအိမ် ၃၉ ဆောင်ထက်မနည်း ပျက်စီးခဲ့ရတဲ့အပြင်၊ နောက်ထပ် လူနေအိမ် ၁၀ ဆောင်ဝန်းကျင်ခန့်မှာလည်း မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ထပ်မံမျောပါသွားမယ့် ဘေးအန္တရာယ် အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

 

ဒါ့အပြင် မင်းပြားမြို့၊ ရွှေပြည်စိုးရပ်ကွက်အတွင်းမှာလည်း မြစ်ရေပြင်းထန်စွာ တိုက်စားမှုကြောင့် လူနေအိမ် ၁၀ ဆောင်ထက်မနည်း ပြိုကျပျက်စီးခဲ့ရသလို၊ ပြည်တော်လှရပ်ကွက်မှာလည်း စီးပွားရေးလုပ်ကိုင်ကြတဲ့ ဈေးဆိုင်ခန်း ၅ ခန်းအထိ ပြိုကျပျက်စီးခဲ့ရပါသေးတယ်။ နောက်ထပ် မင်းပြားမြို့ပေါ်ရှိ ဦးစိုးတင့်ရပ်ကွက်မှာလည်း ရေနစ်မြုပ်မှုဒဏ်နဲ့အတူ လေးမြို့မြစ်ရေ တိုက်စားမှုတွေကြောင့် နေအိမ် ၂၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

 

ရခိုင်ပြည်အတွင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကစတင်ပြီး ရေကြီးရေလျှံမှုတွေ ဆိုးရွားစွာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ မြေပြင်မြစ်ရေတွေ ပြန်လည်ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

 

အာရက္ခပြည်သူ့အစိုးရ အနေနဲ့ကတော့ ယခုလိုမျိုး ရေကြီးရေလျှံမှုတွေရဲ့ နောက်ဆက်တွဲ ဘေးအန္တရာယ်အနေနဲ့ မြေပြိုတာတွေ၊ အဆောက်အအုံ ပြိုကျပျက်စီးတာတွေ ဆက်လက်ကြုံတွေ့ရနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေဆီသို့ ကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့ အထူးသတိပြု နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – CJ 009

ပုံစာ -ဆီသည်ကျေးရွာ ရေကြီးနစ်မြုပ်နေပုံ

CJ 009