ULA/ AA က  စပါးဝယ်ယူရာမှာ  နီးစပ်ရာပွဲစားတွေကနေ ဝယ်ယူခဲ့တာ​ဟာ တောင်သူတွေအတွက် နစ်နာခဲ့လို့ တိုက်ရိုက် ဝယ်ယူပေးဖို့ မျှော်လင့်နေ 

Author CJ Platform
Categories
Published on Jun 09, 2026

ရခိုင်ပြည်မှာ အာရက္ခတပ်တော် ULA/AA က စပါးဝယ်ယူရာမှာ နီးစပ်ရာပွဲစားတွေကနေတဆင့် ဝယ်ယူခဲ့တာကြောင့် ဒေသခံလယ်သမားတွေ နစ်နာခဲ့ရလို့ အခုနှစ်စပါးပေါ်ချိန်မှာ တိုက်ရိုက်ဝယ်ယူပေးဖို့ မျှော်လင့်နေကြတယ်လို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။

 

အခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ရခိုင်ပြည်အတွင်း ဒေသတွင်းဈေးကွက်မရှိတာကြောင့်  စပါးဝယ်လိုအား ကျဆင်းနေချိန်မှာ ULA/AA က စပါးစတင်ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

 

စပါးစတင်ဝယ်ယူရာမှာ ဒေသခံလယ်သမားတွေဆီက တိုက်ရိုက်ဝယ်ယူခြင်းမျိုးမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပွဲစားတွေနဲ့ နီးစပ်တဲ့သူတွေဆီကနေသာ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဒေသခံလယ်သမားများက ဆိုပါတယ်။

 

“ULA/AA ရဲ့ စပါးဝယ်ယူရေးဌာနက စပါးဝယ်တယ်ဆိုတဲ့သတင်း ကြားလိုက်ပါတယ်။ ဦးလေးတို့ရွာဘက်ကိုလည်း ရောက်ပါတယ်။ ဒါပေမယ့် ဝယ်ယူနေတယ်လို့ ဦးလေးတို့ သတင်းကြားတော့ ပွဲစားတွေ ရောင်းပြီးသွားပြီ။ ပွဲစားတွေက လာဝယ်မယ့်နေ့တွေ၊ အချိန်တွေကို သိတော့ သူတို့နဲ့ နီးစပ်ရာတွေကို အရင်ဆုံးအသိပေးထားတာတွေရှိတယ်လေ။ လယ်သမားတွေ သွားရောင်းတဲ့အခါကျတော့ ဝယ်ယူမယ့် စပါးတင်းအရေအတွက် ပြည့်သွားတာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ တကယ့်လယ်သမားတွေက မရောင်းလိုက်ရဘူး” ဟု မြောက်ဦးမြို့နယ်မှ ဒေသခံလယ်သမားတစ်ဦးက ပြောပါတယ်။

 

လက်ရှိရခိုင်ပြည်မှာ စပါးဈေးကွက်မရှိတာကြောင့် ဒေသခံလယ်သမားတွေရဲ့ စပါးတွေရောင်းမထွက်ဖြစ်နေချိန်ဖြစ်ပြီး ဝယ်လိုအားထက် ရောင်းလိုအား များပြားနေခြင်းကြောင့် အခုလိုအဖြစ်မျိုး ကြုံရခြင်းဖြစ်နိုင်ကြောင်း သူက ဖြည့်စွက်ပြောဆိုပါတယ်။

 

ဒါ့အပြင် လယ်သမားများမှာ စက်သုံးဆီနှင့် ဓာတ်မြေဩဇာဈေးနှုန်းများ မတည်ငြိမ်သည့်အတွက်ကြောင့် လယ်ယာလုပ်ကိုင်ရာတွင် အခက်ကြုံနေရကြောင်း သိရပါတယ်။

 

“မြေဆီဈေးတွေက အခုဝယ်ထားမယ်ဆိုရင် နှစ်သိန်းနှစ်သောင်း ပတ်ချာလည်ပဲ။ လယ်လုပ်တဲ့အချိန်ရောက်ရင် သုံးသိန်းကျော်အထိကို အရင်နှစ်ကလည်း ထိုးတက်သွားတယ်။ စက်သုံးဆီဈေးတွေဆိုရင်လည်း လယ်ထွန်တဲ့အချိန်ဆိုရင် ထိုးတက်သွားတာ။ အဒေါ်တို့ လယ်သမားတွေမှာက အခုကတည်းကလည်း မြေဆီတွေဝယ်ပြီး စုထားဖို့ကလည်း ငွေမနိုင်ဘူးလေ” ဟု မြောက်ဦးဒေသခံ လယ်သမားအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဒါ့ကြောင့် ဒေသခံလယ်သမားတွေမှာ ဓာတ်မြေဩဇာဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ထိန်းညှိပေးဖို့ပါ  မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ တောင်သူတွေ  သုံးစွဲနေရတဲ့ မြေဩဇာတွေဟာဟာလည်း  ယခင်က ပြည်မဘက်မှ တင်သွင်းသည့် လယ်သမားများသုံးနေကျ ဓာတ်မြေဩဇာများမဟုတ်ဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဓာတ်မြေဩဇာများကို သုံးစွဲနေရသောကြောင့် အရည်အသွေးမပြည့်မီမှု၊ မြေဆီလွှာနှင့် မြေအနေအထားများဖြင့် မကိုက်ညီမှုများကြောင့် ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရပါတယ်။

 

ဆက်လက်ပြီး ရခိုင်ပြည်တွင် ကောက်ရိတ်သိမ်းရာတွင် အသုံးပြုသည့် ကောက်ရိတ်စက်များမှာ အရည်အသွေးမပြည့်မီမှု၊ ကောက်ရိတ်စက်ရှားပါးမှုကြောင့် အချိန်မီပြီးစီးနိုင်ရန် စက်ပိုင်ရှင်များက အလျင်စလို ရိတ်သိမ်းမှုများကြောင့် ဒေသခံလယ်သမားများမှာ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရပါတယ်။

 

“တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားလို့ရလာတဲ့ စပါးတွေကို နောက်ဆုံးရိတ်တဲ့အခါမှာလည်း ကောက်ရိတ်စက်တွေက အရည်အသွေးမပြည့်မီတာ၊ ကောက်ရိတ်စက်ပိုင်ရှင်တွေက အမြန်ပြီးချင်တော့ ညဘက်တွေမှာရိတ်တာ၊ အလျင်စလိုရိတ်တာတွေကြောင့် စပါးတွေက အသေအချာမရဘဲ အဖိတ်အစင်တွေ တအားများလာပါတယ်” ဟု လယ်သမားတစ်ဦးက ပြောပါတယ်။

 

ယခုလာမည့် ကောက်စိုက်ရာသီမရောက်မီ စက်သုံးဆီဈေးများ၊ ဓာတ်မြေဩဇာဈေးနှုန်းများကို ထိန်းညှိပေးဖို့နဲ့ ကောက်ရိတ်စက်၊ လယ်ထွန်စက်စတဲ့ လုပ်အားခတွေကို သင့်တော်သည့် ဈေးနှုန်းတစ်ခု သတ်မှတ်ပေးကာ ဝန်ဆောင်မှု အရည်အသွေးမပြည့်မီပါက တိုင်ကြားနိုင်မည့်နေရာများကို သက်ဆိုင်ရာအာဏာပိုင်များက ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံလယ်သမားတွေက လိုလားနေကြပါတယ်။

 

CJ 009