ပျဉ်းမနားမှာ အိမ်နီးချင်း အချင်းချင်း ရန်ဖြစ်ရမှ သားအမိနှစ်ဦး ဓားနဲ့ခုတ်ခံရပြီး မိခင်ဖြစ်သူ သေဆုံးကာ သားဖြစ်သူ ဒဏ်ရာရ
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်မှာ ဇွန် ၈ ရက်နေ့ ညနေ ၅ နာရီခွဲက အိမ်နီးချင်းအချင်းချင်း စကားများရာမှ သားအမိနှစ်ဦး ဓားနဲ့ခုတ်ခံရပြီး အမေဖြစ်သူ သေဆုံးကာ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပျဉ်းမနားမြို့၊ ရန်အောင် (၁) ရပ်ကွက်၊ ဘို့ကုန်းရပ်မှာ အိမ်နီးချင်းအချင်းချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးက နေအိမ်ထဲဝင်ရောက်ကာ သားအမိနှစ်ဦးကို ဓားနဲ့ခုတ်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တစ်လမ်းတည်းနေတဲ့သူတွေ စကားများပြီး သားအမိနှစ်ယောက်ကို အိမ်ထဲထိ ဓားနဲ့ဝင်ခုတ်တာ။ အမေကတော့ ပွဲချင်းပြီးသေတယ်။ သားက မျက်နှာမှာ ဒဏ်ရာရတယ်။ အဲ့ဒီကလေးလည်း အခြေအနေမကောင်းဘူး၊ ဆေးရုံတင်ထားရတယ်” လို့ သူက ဆိုပါတယ်။
ဓားခုတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်နေပြည်သူတွေဟာ လူမှုကူညီရေးအသင်းကို ဖုန်းဆက်အကြောင်းကြားကာ သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရသူကို ပျဉ်းမနား ခုတင် (၂၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီပေးသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သေတဲ့အမျိုးသမီးနာမည်က ဒေါ်နီလာကျော်၊ အသက် ၃၅ နှစ်ပဲ ရှိသေးတယ်။ ဒဏ်ရာရတဲ့ကလေးက ဘုန်းမြတ်လင်း၊ ၁၄ နှစ်ပဲ ရှိသေးတယ်။ သူ့အခြေအနေကလည်း စိုးရိမ်ရတယ်။ ဓားနဲ့ခုတ်တဲ့သူက ဦးထွန်းရှိန်၊ သူ့ကိုလည်း ညတွင်းချင်း ဖမ်းမိတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
ဓားနဲ့ခုတ်သူ ဦးထွန်းရှိန်ဟာ အသက် ၆၈ နှစ်အရွယ်ရှိပြီး သေဆုံးသူ ဒေါ်နီလာကျော်ရဲ့ တစ်အိမ်ကျော်တွင် နေထိုင်သူဖြစ်ကာ၊ အရင်ကလည်း စကားများရန်ဖြစ်ခဲ့ဖူးပြီး ဇွန်လ ၈ ရက်နေ့ညနေက ထပ်မံစကားများရန်ဖြစ်ကြရာကနေ ဒေါသမထိန်းနိုင်ဘဲ နေအိမ်ထဲဝင်ရောက်ကာ ဓားနဲ့ခုတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့စွပ်စွဲခံရသူ ဦးထွန်းရှိန်ကို လူသတ်မှု၊ ပြင်းထန်နာကျင်စေမှုတို့ဖြင့် ပျဉ်းမနားမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
