အပူရှိန်မြင့်မားမှုကြောင့် ပျဉ်းမနားမြို့ ရှမ်းကန်အတွင်းက ငါးတွေ ထောင်ချီသေဆုံး

Author CJ Platform
Categories
Published on May 07, 2026

နေအပူရှိန်မြင့်မားမှုကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အတွင်းက ငါးတွေဟာ  ဒီကနေ့ မေ ၇ရက်နေ့မှာ ထောင်ချီ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဒီကနေ့ နေ့လယ် ပျဉ်းမနားမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ မင်္ဂလာရှမ်းကန်ကို လာရောက်လည်ပတ်သူတွေက ကန်အတွင်း ငါးတွေ သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးနောက် အုပ်ချုပ်ရေးကို အကြောင်းကြားခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ နေအပူရှိန်ကြောင့်ထင်တယ်၊ ကန်ထဲက ငါးတွေ ထောင်ချီသေကုန်တယ်။ ဘာကြောင့်သေတယ်ဆိုတာ အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

 

ငါးတွေ သေဆုံးရခြင်းမှာ အပူရှိန်မြင့်မားမှုကြောင့်ဖြစ်ပြီး ဒီလိုဖြစ်စဉ်မျိုးကို ငါးမွေးသူတိုင်း ကြုံရလေ့ရှိတယ်လို့ အလှမွေးငါး မွေးမြူသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ငါးတွေသေရတဲ့ အဓိကအကြောင်းအရင်း ၄ ချက် ရှိတယ်။ နေအပူရှိန် အရမ်းများရင်လည်း သေတယ်၊ ကန်ညစ်ပတ်ပြီး ရေအရည်အသွေးနိမ့်ရင်လည်း သေတယ်၊ အစာမတရားကျွေးရင်လည်း သေတယ်၊ ရေရှော့ (Water Shock) ဖြစ်ရင်လည်း သေတယ်။ ရေရှော့ဖြစ်တယ်ဆိုတာ အပူရှိန်မညီမျှတဲ့အချိန် ကန်ထဲကို ရေတိုက်ရိုက်ထည့်ရင် ရေရှော့ဖြစ်တာ။ ရှမ်းကန်က ငါးတွေသေတာ အပူရှိန်မြင့်လို့ သေတာ” လို့ သုံးသပ်ပြောဆိုပါတယ်။

 

လက်တလောမှာ မင်္ဂလာရှမ်းကန်အတွင်းက သေဆုံးနေတဲ့ ငါးတွေကို အုပ်ချုပ်ရေးအဖွဲ့နဲ့ ပရဟိတအဖွဲ့တွေက ရှင်းလင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

အလားတူ ဖြစ်စဉ်မျိုးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်က တိုက်ကြီးမြို့နယ် နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်း ဖြစ်ခဲ့ပြီး ငါးအကောင်ရေ သိန်းချီ သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်