စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ

Author CJ Platform
Categories
Published on May 07, 2026

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခင်မှာ လုပ်ဆောင်ဖို့ သဘောတူညီလိုက်ကြပါတယ်။

 

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန် (Kao Kim Hourn) က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မယ့်အကြောင်း ရိုက်တာသတင်းဌာနကို ဒီကနေ့မှာ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုဘက်က အာဆီယံနဲ့ ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ချင်တယ်လို့လည်း အသိပေးထားပါတယ်။

 

ဒါပေမယ့် အိမ်နီးချင်း အာဆီယံနိုင်ငံတွေကတော့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျှော့ချရေး၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးကိစ္စတွေမှာ တိုးတက်မှုတွေကို မြင်တွေ့ချင်နေကြတာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံဖို့ ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုချက်ကြောင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး အစိုးရသစ်ကို ဖွဲ့စည်းခဲ့ပေမယ့် အာဆီယံကတော့ အဲဒီရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း မရှိသေးသလို မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

 

အတွင်းရေးမှူးချုပ်ရဲ့ အဆိုအရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို တစ်နှစ်ထက်ပိုတဲ့ သက်တမ်းနဲ့ ခန့်အပ်ဖို့ကိစ္စကိုလည်း ဆွေးနွေးနေကြပါတယ်။