စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ဖို့ APHR နဲ့ SAC-M တောင်းဆို
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဖိတ်ကြားခြင်းမပြုဖို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကို အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့က တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒါမှမဟုတ် စစ်အုပ်စုရဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို ဖိတ်ကြားမယ်ဆိုရင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ပျက်ပြားစေရာရောက်တယ်လို့ APHR နဲ့ SAC-M တို့က နိုဝင်ဘာ ၉ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။
အာဆီယံအစည်းအဝေးတွေကို စစ်အုပ်စု တက်ရောက်ခွင့်ပိတ်ပင်ထားတဲ့ ကန့်သတ်ချက်ကို ပြန်လည်ရုပ်သိမ်းတာဟာ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံက ပူးပေါင်းပါဝင်ရာရောက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
အာဆီယံက စစ်အုပ်စုအပေါ် သဘောထားလျှော့ပေါ့ပေးခဲ့တဲ့ အကြိမ်တိုင်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ APHR နဲ့ SAC-M တို့က ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ဆေးရုံနဲ့ စာသင်ကျောင်းတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ကြိုဆိုပေမဲ့ အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုကို တရားဝင်မှုမပေးဖို့လည်း အာဆီယံကို တိုက်တွန်းထားပါတယ်။
လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာလည်း ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့အကြား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်ဖို့ရှိနေပါတယ်။
ဒါကြောင့် အာဆီယံခေါင်းဆောင်တွေအနေနဲ့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး ဖိတ်ကြားခြင်းမပြုဖို့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ APHR နဲ့ SAC-M တို့က တောင်းဆိုထားပါတယ်။
