စုံ/မ စနစ်သတ်မှတ်ချက် ကောင်းမွန်တယ်လို့ စစ်အုပ်စုဝန်ကြီး မောင်မြင့်ပြော
စုံ/မ စနစ် ကန့်သတ်လိုက်ခြင်းမှာ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီက စစ်အုပ်စုရဲ့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးမောင်မြင့်ရဲ့ ပြောဆိုမှုကို အခက်အခဲဖြစ်နေတဲ့ လူထုနဲ့ ယာဉ်မောင်းတွေက ဝေဖန်ပြောဆိုကြပါတယ်။
မေလ ၄ ရက်က ကြံ့ခိုင်ရေးဝန်ကြီး ဦးမောင်မြင့်က သူအသုံးပြုနေတဲ့ MP Mg Myint Tiktok Account ကနေ စုံ/မ စနစ် ကန့်သတ်လိုက်တာဟာ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“လူတစ်ဦးချင်းကို တချို့သောကိစ္စများမှာ Impact ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ခြိုးခြံချွေတာဖို့အတွက် Drive လုပ်တဲ့သဘောပါပဲ။ အဲဒီတော့ ကားတွေကို စုံ/မ ထုတ်သလို ဆီပေးတာတွေကိုလည်း ကျွန်တော်တို့က တော်တော်လေးကို ကန့်သတ်လိုက်တဲ့အခါကျတော့ ကောင်းလာပါပြီ။ တော်တော်လေး ကောင်းလာပါပြီ။ အဲဒီတော့ အဲဒီဟာက အခု Normal ဖြစ်ပြီလားဆိုတော့ မဖြစ်သေးဘူးလေ။ အဲဒီ ဟော်မုဇ်ရေလက်ကြားတို့ ရေနံထုတ်လုပ်မှုတို့ normal ဖြစ်ပြီဆိုရင်တော့ စုံ/မ ကားကိစ္စကို ဖြေလျှော့လို့ရပါတယ်။ အခုတော့ မရသေးပါဘူး” လို့ ကြံ့ခိုင်ရေးဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။
စုံ/မ စနစ် သတ်မှတ်လိုက်တာကြောင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတွေမှာ ငွေကုန်ကြေးကျ ပိုများလာပြီး ခရီးမတွင်သလို အလုပ်လည်းမဖြစ်ကြောင်း အသေးစားလုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဟိုက်ဂျက်ကားလေးတစ်စီးနဲ့ ပစ္စည်းပို့တယ်၊ ဝန်ထမ်းတွေ ကြိုရတယ်။ စုံ/မ စနစ် သတ်မှတ်လိုက်တော့ ကိုယ်က စုံကားဖြစ်နေတော့ ‘မ’ ရက်တွေမှာ ပစ္စည်းကို ‘မ’ ကားရှိတဲ့သူနဲ့ ချိတ်ပြီးပို့ရတယ်။ အဲဒီရက်တွေမှာ ဝန်ထမ်းတွေကြိုဖို့ အငှားကား စီစဉ်ပေးရတယ်။ ကိုယ်ရမယ့်အမြတ်က အဲဒီမှာတင် ကုန်နေတယ်။ တကယ်ဆို စုံ/မ စနစ်က မရှိသင့်တော့ဘူး” လို့ ပြောပါတယ်။
ဘုရားဖူးရာသီရောက်ပြီး စုံ/မ စနစ် သတ်မှတ်လိုက်တာကြောင့် နေချင်းပြန်ဘုရားဖူးအစီအစဉ်များကို လက်ခံရပြီး ၃ ညအိပ် ၄ ရက် ခရီးအစီအစဉ်များ ရပ်နားထားရကြောင်း ဘုရားဖူးလုပ်ငန်းလုပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အရင်ကဆို ဘုရားဖူးရာသီမှာ အလုပ်ကမအားဘူး။ စုံ/မ စနစ် သတ်မှတ်လိုက်တော့ နေချင်းပြန်ခရီးစဉ်တွေပဲ သွားလို့ရတယ်၊ ၃ ညအိပ် ၄ ရက် ခရီးတွေ လိုက်လို့မရဘူး။ ဘာလို့လဲဆိုတော့ စုံ/မ စနစ်ကလည်း တစ်နေရာနဲ့ တစ်နေရာ ဥပဒေတွေက မတူဘူး၊ အပေါ်ကတစ်မျိုး၊ အောက်ကတစ်မျိုး” လို့ ပြောပါတယ်။
စုံ/မ စနစ် သတ်မှတ်လိုက်တာကြောင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းကြိုပို့ကားများ ဈေးတက်သွားပြီး အခက်အခဲဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အရင်နှစ်က ကျောင်းဖယ်ရီက ၆ သောင်းပဲ ပေးရတယ်။ စုံ/မ စနစ် သတ်မှတ်လိုက်တော့ ဒီနှစ် ကျောင်းဖယ်ရီကားခ တစ်လ ၁ သိန်း ၂ သောင်း ဖြစ်သွားတယ်။ နှစ်ယောက်ဆို ၂ သိန်းကျော်။ ဒီစနစ်က အကုန်လုံး ရိုက်ခတ်တာ၊ ကြာရင်မလွယ်ဘူး” လို့ ပြောပါတယ်။
စစ်အုပ်စုက သတ်မှတ်ထားတဲ့ စုံ/မ စနစ်ကို ပြည်သူများသာမက စစ်တပ်ထောက်ခံသူများနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကပါ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေကြတာလို့ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“စုံ/မ စနစ်ကို ပြည်သူတွေမှ မဟုတ်ဘူး၊ စစ်တပ်ထောက်ခံသူတွေရော ကြံ့ခိုင်ရေးကပါ မကြိုက်ဘူး၊ ပယ်ဖျက်ပေးဖို့ ပြောနေကြတာ။ မင်းကင်းမောင်မြင့်က အဲဒီစနစ်ကောင်းတယ်ဆိုတော့ ပါတီထဲမှာပဲ အရင်ဆုံး မဲခွဲဆုံးဖြတ်ကြည့်” လို့ ထောက်ပြပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခပြဿနာတွေကြောင့် မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတ်လ ၃ ရက်ကစပြီး စုံ/မ စနစ်ကို သတ်မှတ်ကာ စက်သုံးဆီခွဲတမ်းကို QR ကုတ် စကန်ဖတ်ပြီး ပေးခဲ့တာ ဖြစ်ပါတယ်။
