Sunrise စက်ရုံမှ ညှိနှိုင်းသဘောတူညီချက် လက်မခံတဲ့ အလုပ်သမား ၂၀၀ နီးပါးကို မောင်းထုတ်

Author CJ Platform
Categories
Published on May 08, 2026

Sunrise စက်ရုံမှာ လုပ်ငန်းခွင်အတွင်း ဆန္ဒပြတောင်းဆိုတာနဲ့ပတ်သက်လို့ အ​ပြီးသတ်ညှိနှိုင်းကာ သဘောတူညီခဲ့တဲ့အချက်တွေ လက်မခံတဲ့ အလုပ်သမား ၂၀၀ ကျော်ကို ထွက်သွားဖို့ မောင်းထုတ်ခံရတယ်လို့ လုပ်သားတွေနဲ့ ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

 

အဲဒီစက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ အလုပ်သမား ၁,၀၀၀ နီးပါးက ဧပြီ ၂၄ ရက်ကစပြီး ဆန္ဒပြတောင်းဆိုခဲ့ကြကာ မေလ ၇ ရက်က အပြီးသတ် ညှိနှိုင်းသဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

 

သဘောတူညီမှုရခဲ့တဲ့ အချက်တွေမှာ ဥပဒေပါရပိုင်ခွင့်တွေဖြစ်ပြီး အဓိကတောင်းဆိုထားတဲ့အချက်တွေ မပါတာကြောင့် အလုပ်သမား ၂၀၀ ကျော်က ကန့်ကွက်တဲ့အတွက် စက်ရုံမှူးဆိုသူက စာချုပ်ပါအချက်ကို သဘောမတူရင် စက်ရုံကနေထွက်သွားဖို့ ပြောခဲ့တာလို့ STUM က အသိပေးထားပါတယ်။

 

Sunrise စက်ရုံ အလုပ်သမားတစ်ယောက်က “တစ်ဖက်သက် သူတို့ပေးချင်တဲ့အချက်ပဲပေးလို့ မကျေနပ်ကြတာ။ တချို့အလုပ်သမားတွေဆို အရင်ရက်ထဲက စိတ်ပျက်ပြီး ထွက်သွားကြပြီ” လို့ ပြောပါတယ်။

 

အလုပ်သမားတွေက တောင်းဆိုချက်တွေကို ပြေလည်အောင် မဖြေရှင်းပေးတဲ့အတွက် လုပ်ငန်းခွင်ကနေ ထွက်လာခဲ့ကြပြီး ညှိနှိုင်းမှုလုပ်တော့မှာမဟုတ်ဘဲ စက်ရုံကချုပ်နေတဲ့ ကုန်အမှတ်တံဆိပ် Brand ဆီ တိုင်ကြားတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အစီရင်ခံတဲ့ လုပ်ငန်းစဉ်တွေကို နစ်နာတဲ့အလုပ်သမား ၂၀၀ ကျော်ကိုယ်စား ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

Sunrise စက်ရုံက ဂျပန်ရဲ့ နာမည်ကြီး လုပ်ငန်းခွင်သုံးဝတ်စုံ (Workwear) ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ BURTLE၊ Urban Workwear တို့ကို ချုပ်လုပ်နေတာလို့ အလုပ်သမားတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – STUM