ပုသိမ်-မော်တင် လမ်းပိုင်းမှာ တောင်ကျရေကြောင့် ရေစီးနဲ့မျောပါသူ လင်မယားနှစ်ဦး ၄ ရက်ကြာသည်အထိ ပျောက်ဆုံးနေ

Author CJ Platform
Categories
Published on Jun 08, 2026

ဧရာဝတီတိုင်း၊ ပုသိမ်-မော်တင် ကားလမ်းပေါ်က တင်းချောင်းတံတားအနီးမှာ တောင်ကျရေ ရုတ်တရက် ဆင်းလာတာကြောင့် လမ်းတံတားအချို့ ပျက်စီးသွားခဲ့တဲ့အပြင်၊ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးနေတဲ့ ဒေသခံလင်မယားနှစ်ဦးဟာ ၄ ရက်ခန့်ကြာသည်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သတင်းအထူးတပ်ဖွဲ့ – ပုသိမ်က ဖော်ပြထားချက် အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ပုသိမ်-မော်တင်ကားလမ်း၊ မိုင်တိုင် ၅၆ ရှိ အရှည်ပေ ၁၀၀ ရှိတဲ့ တံတားအမှတ် ၁/၅၇ (တင်းချောင်းတံတား) အနီးကို တောင်ကျရေတွေ ရုတ်တရက် ထိုးဆင်းလာခဲ့တာကြောင့် အခုလို ပျောက်ဆုံး၊ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီ ရေကြီးရေလျှံမှုကြောင့် စမ်းချောင်းဘေးမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တစ်လုံးဟာ တစ်ဝက်ကျော် ရေနစ်မြုပ်သွားခဲ့ပြီး၊ အိမ်အတွင်း အိပ်ပျော်နေတဲ့ ဒေသခံလင်မယားနှစ်ဦးစလုံး ရေစီးနဲ့အတူ မျောပါသွားခဲ့တာ ရှိခဲ့တယ်လို့ သိရ။ ရေစီးနဲ့ မျောပါသွားသူတွေကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့အထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်း မရှိဘဲ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြင်းထန်တဲ့ ရေစီးအရှိန်ကြောင့် တင်းချောင်းတံတားရှေ့မှာ ရေကျော်မှုဖြစ်ပွားခဲ့ပြီး၊ ပုသိမ်ဘက်အခြမ်းရှိ လမ်းပိုင်းမှာ တစ်ဝက်ကျော်ခန့် ရေတိုက်စားကာ ကားလမ်း ပျက်စီးသွားခဲ့ရကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကို ဖြေရှင်းဖို့အတွက် ဇွန်လ ၆ ရက်နေ့ကစပြီး ဆောက်လုပ်ရေးဆိုဒ်အဖွဲ့၊ ငရုတ်ကောင်း၊ တင်းချောင်းနဲ့ ပိုးလောင်းကျေးရွာများမှ ဒေသခံတွေ စုပေါင်းကာ မြေတူးစက်တွေနဲ့ ယာယီမြေဖို့ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ အဆိုပါ စမ်းချောင်းနဲ့ တောင်ကျရေ ကျဆင်းရာ လမ်းကြောင်းဘေးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် ဘေးအန္တရာယ် ကြိုတင်သတိပေးချက် တစ်စုံတစ်ရာကို စစ်အုပ်စုဘက်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

 

အခုလို အန္တရာယ်တွေ ဆက်လက်မဖြစ်ပွားစေဖို့ ဒေသခံပြည်သူတွေအနေနဲ့ တောင်ကျရေ ကျဆင်းရာ လမ်းကြောင်းပေါ်မှာ နေထိုင်သွားလာခြင်းကို အထူးဂရုပြုကြဖို့ သတင်းအထူးတပ်ဖွဲ့ – ပုသိမ် က သတိပေးနှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်