ဖလမ်းမှာ စစ်ရေးတင်းမာနေတာကြောင့် ကလေးတွေ ကျောင်းတက်ဖို့ ခက်ခဲနေပြီး စာသင်ကျောင်းတွေ မဖွင့်နိုင်
ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်း စစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရပ်ရွာအခြေပြု ကြားကာလစာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ အလွန်ခက်ခဲနေပြီး လက်ရှိ ပညာသင်နှစ်အတွက် လုံးဝပိတ်ထားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခု ပညာသင်နှစ်အတွက် မြေပြင် ကြားကာလစာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် ဖလမ်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် အချို့စာသင်ကျောင်းတွေကို နေရာပြောင်းရွေ့ဖွင့်လှစ်တာ ယာယီပတ်ထားရတာတွေ လုပ်ဆောင်ထားရတယ်လို့ သိရပါတယ်။
ဖလမ်းမြို့နယ်ရှိ ရပ်ရွာအခြေပြုကျောင်းတစ်ကျောင်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းချက်အရ လတ်တလော ဖြစ်ပွားနေတဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ရက်ရွှေ့ဆိုင်းကာ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဆီမှာ စစ်ကောင်စီဘက်က မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်လုပ်နေတော့ လေကြောင်းရန်ရော၊ လက်နက်ကြီးအန္တရာယ်ရော အရမ်းစိုးရိမ်ရတယ်။ အခု ဇွန်လထဲမှာတော့ မြေပြင်အခြေအနေကို ဆက်ပြီး စောင့်ကြည့်နေပါတယ်။ အခြေအနေ ကောင်းသွားလို့ အဆင်ပြေမယ်ဆိုရင်တော့ လာမယ့် ဇူလိုင်လထဲမှာ ကျောင်းပြန်ဖွင့်ဖို့ မှန်းထားတယ်” ဟု အဆိုပါ ရပ်ရွာအခြေပြုကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သို့သော်လည်း စစ်ရေးအခြေအနေဟာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပညာရေးလုပ်ငန်းစဉ်တွေ ရေရှည်ရပ်ဆိုင်းသွားမယ့်အရေးကိုလည်း ဒေသခံလူထုက စိုးရိမ်နေကြပါတယ်။
“ဒီ ဇွန်လနဲ့ ဇူလိုင်လထဲမှာမှ အခြေအနေက တည်ငြိမ်မလာဘူး၊ တိုက်ပွဲတွေက ဆက်ပြင်းထန်နေမယ်ဆိုရင်တော့ ကလေးတွေရဲ့ ဘေးကင်းရေးအတွက် ဒီနှစ် (ယခုပညာသင်နှစ်) မှာ ကျောင်းလုံးဝ မဖွင့်ဖြစ်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ဒါက ရပ်ရွာလူကြီးတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဆွေးနွေးပွဲလုပ်ပြီး အားလုံးသဘောတူ ဆုံးဖြတ်ချက်ချထားတာပါ” ဟု ဒေသအခြေပြု စာသင်ကျောင်းတစ်ကျောင်းက ကျောင်းတာဝန်ခံက ပြောပါတယ်။
ဖလမ်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီကာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေသဖြင့် ကြားကာလပညာရေးကို အွန်လိုင်း (Online) စနစ်နဲ့ သင်ကြားဖို့လည်း မဖြစ်နိုင်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရေးပဋိပက္ခ ကာလကြာရှည်လာတာနဲ့အမျှ ချင်းပြည်အတွင်းရှိ ဒေသခံကလေးငယ်တွေဟာ ပညာသင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေရပြီး၊ ကလေးငယ်တွေ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မယ့် စာသင်ခန်း ပတ်ဝန်းကျင်နဲ့ လုံခြုံမှုရှိတဲ့ အခြေအနေတွေ အမြန်ဆုံးပြန်လည်ရရှိရန် ကျောင်းသားမိဘတွေနဲ့ ပညာရေးဝန်ထမ်းတွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ချင်းပြည်အတွင်းရှိ ဒေသအခြေပြုစာသင်ကျောင်းတစ်ခုကို မြင်ရပုံ (ပုံဟောင်း)
CJ 014
