မန္တလေး-ရန်ကုန် အမြန်ရထားကို ခဲနဲ့ပေါက်ခံရပြီး လေကာမှန်ကွဲ တစ်ဦးဖမ်းမိ
မန္တလေး-ရန်ကုန် အမြန်ရထားကို ခဲနဲ့ပေါက်ခဲ့တဲ့ လူငယ်လေးဦးထဲက တစ်ဦးကို ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက မီးရထားရဲဝန်ထမ်းတွေက ဖမ်းဆီးခဲ့တယ်လို့ မီးရထားနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဇွန်လ ၆ ရက်နေ့က မန္တလေးကနေ ရန်ကုန်ကို ဆင်းလာတဲ့ အမြန်ရထားကို ပဲခူးမြို့၊ ကျိုက်စကောရွာနဲ့ လက်ခုပ်ကွင်းအကြားအရောက်မှာ လူငယ်လေးဦးက ခဲနဲ့ပစ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ မီးရထားနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သူတို့က ရထားကို ခဲနဲ့ပေါက်ပြီး ရထားက ပြန်မလာဘူးအထင်နဲ့ ထိုင်နေတာ။ ရထားက လေကာမှန်ကွဲသွားတော့ နောက်ပြန်လှည့်ပြီး မီးရထားရဲတွေနဲ့ ဝန်ထမ်းတွေ ဆင်းဖမ်းတာ။ အကုန်ထွက်ပြေးလို့ လယ်ကွင်းထဲအထိ လိုက်ဖမ်းတာ တစ်ယောက်မိတယ်၊ သုံးယောက်လွတ်သွားတယ်” လို့ သူက ဆိုပါတယ်။
အဲဒီ လူငယ်လေးဦးဟာ ရထားသံလမ်းဘေးမှာ ဘီယာသောက်ရင်း ဂီတာထိုင်တီးနေကြပြီး အပျော်သဘောနဲ့ မီးရထားကို ခဲနဲ့ပေါက်ခဲ့ရာကနေ လေကာမှန် ကွဲသွားတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပဲခူးမြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးကလည်း “မိတဲ့ကောင်လေးကို ပဲခူးဘူတာမှာ အပ်နှံပြီး ကျန်တဲ့သူ သုံးယောက်ကိုလည်း ဖမ်းဆီးပြီး လာအပ်ပေးဖို့ မီးရထားဘက်က တာဝန်ရှိသူတွေက ပြောတယ်။ အကုန်လုံးကို မြန်မာနိုင်ငံမီးရထားလုပ်ငန်းဥပဒေ ပုဒ်မ ၆၁ (၁)(က) နဲ့ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ပဲခူးမြို့နယ်ရဲစခန်းက မီးရထားကို ခဲနဲ့ပေါက်သူ လူငယ်လေးဦးစလုံးကို ရထားပို့ဆောင်ရေးဘက်က တရားလိုပြုလုပ်ပြီး မြန်မာနိုင်ငံမီးရထားလုပ်ငန်းဥပဒေ ပုဒ်မ ၆၁ (၁)(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း အင်းစိန်-လှော်ကား ပြေးဆွဲနေတဲ့ RBE ရထားကို ခဲနဲ့ပစ်ပေါက်ခဲ့တဲ့ လူငယ်လေးဦးကို မီးရထားရဲက ဖမ်းဆီးပြီး ပုဒ်မ ၇၉ (ခ) နဲ့ အမှုဖွင့်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
အလားတူပင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တုန်းကလည်း ရန်ကုန်ကနေ နေပြည်တော်ကို မောင်းနှင်လာတဲ့ အမှတ် ၇ အဆန် DEMU မီးရထားကို မိုင်တိုင်အမှတ် ၁၃၄/၈ နဲ့ ၁၃၄/၉ အကြားမှာ ကြွေပြားအကျိုးနဲ့ ပစ်ပေါက်ခဲ့တဲ့ လူငယ်တစ်ဦးကို မီးရထားဘက်က ပို့ဆောင်ရေးဥပဒေပုဒ်မ ၈၄ နဲ့ အမှုဖွင့်အရေးယူခဲ့ပါသေးတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
