မောရဝတီရေတပ်စခန်းဌာနချုပ်က လက်နက်ကြီးပစ်ခတ်လေ့ကျင့်ဖို့ ကြေညာလို့ ဒေသခံတွေစိုးရိမ်
ကရင်ပြည်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်ကြောင်းအတွင်းမှာ မောရဝတီရေတပ်စခန်းဌာနချုပ်က လက်နက်ကြီးတွေ လေ့ကျင့်ပစ်ခတ်မယ်ဆိုတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဇွန်လ ၁၀ ရက်နေ့က စတင်ကာ မောရဝတီရေတပ်စခန်းဌာနချုပ် အမှတ် (၄၆) စစ်ရေယာဉ်စုနဲ့ အမှတ် (၃၀၃) စစ်ရေယာဉ်အုပ်စုဟာ သံလွင်မြစ်ကြောင်းအတွင်း လက်နက်ပစ်ခတ်စမ်းသပ်မှုတွေလုပ်ဆောင်မယ်လို့ ကော့လှိုက်ကျွန်းကျေးရွာ၊ ကော့ဂွန်းကျေးရွာနဲ့ နှစ်ခြားကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အသိပေး အကြောင်းကြားစာပေးပို့ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မြို့နယ်နဲ့ ရဲစခန်းကတဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားတာ။ အုပ်ချုပ်ရေးမှူးက ကျေးရွာက ငါးဖမ်းလှေနဲ့ သမ္ဗန်တွေကို စစ်တပ်က သံလွင်မြစ်ထဲမှာ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှာဖြစ်တဲ့အတွက် ကော့လှိုက်ကျွန်းနားမသွားဖို့ သတိပေးတာ” လို့ သူက ဆိုပါတယ်။
စစ်အုပ်စုက ကော့လှိုက်ကျွန်းအနီးမှာ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မယ်ဆိုတဲ့ သတင်းကို မသိရသေးတဲ့ ဒေသခံတံငါသည်တွေနဲ့ လှေသမ္ဗန်မောင်းသူတွေအတွက် စိတ်ပူသလို၊ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှာကိုလည်း စိုးရိမ်နေတယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒီသတင်းကို ကျေးရွာအုပ်ချုပ်ရေးဘက်ကလည်း လူတိုင်းကို ပြောတာမဟုတ်ဘူး။ နီးစပ်ရာပဲ ပြောတာဆိုတော့ မသိသေးတဲ့ ငါးဖမ်းသမားတွေနဲ့ စက်လှေမောင်းတဲ့သူတွေအတွက် စိတ်ပူသလို၊ လက်နက်ကြီးတွေ ရွာထဲကျမှာလည်း စိုးရိမ်တယ်။ တကယ်လို့ လက်နက်ကြီး ရွာထဲကျခဲ့ရင်တောင် စစ်တပ်က ဝန်ခံမှာမဟုတ်ဘူး၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကို လွှဲချမှာ” လို့ သူက ဆက်ပြောပါတယ်။
အမှတ် (၄၆) စစ်ရေယာဉ်စုနဲ့ အမှတ် (၃၀၃) စစ်ရေယာဉ်အုပ်စုဟာ ကော့လှိုက်ကျွန်းအနီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ ဒသမ ၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၅ ဒသမ ၉ မိနစ်တွင် ရေပြင်ပစ်မှတ်ပြုလုပ်၍ လက်နက်ကြီးများ လေ့ကျင့်ပစ်ခတ်မှာ ဖြစ်ပါတယ်။
လက်နက်ကြီးတွေ လေ့ကျင့်ပစ်ခတ်နေစဉ်အတွင်း ကော့လှိုက်ကျွန်းအနီး ဧရိယာနဲ့ ၃ မိုင်ပတ်လည်အတွင်း လူနဲ့ ငါးဖမ်းရေယာဉ်များ၊ လှေ၊ သမ္ဗန်များ ဝင်ရောက်မှုမရှိစေရေး မြို့နယ်ထွေအုပ်၊ ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ကြိုတင်သတိပေးဖို့ ဇွန်လ ၆ ရက်နေ့က စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စစ်အုပ်စုလက်အောက်ခံ ရေတပ်က သံလွင်မြစ်ထဲမှာ လက်နက်ကြီးပစ်ခတ်လေ့ကျင့်ခဲ့ရာ စက်လှေတစ်စီး ထိမှန်ခဲ့တာကြောင့် ဒေသခံငါးဖမ်းသမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – Pro/SAC
