အတန်းပညာ၊ စာပေအသိအမြင် အားနည်းမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းကြောင်းကို သင်ခန်းစာယူပြီး ပညာရေးမြှင့်တင်မှုကို မဖြစ်မနေ ဆောင်ရွက်ရမယ်လို့ မင်းအောင်လှိုင် ပြော
အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်လူရွယ်တွေအနေနဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်မှန်ကန်ကန် စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အားနည်းမှုတွေဟာ အဓိကအားဖြင့် အတန်းပညာပိုင်းနဲ့ စာပေအသိအမြင်ပိုင်းဆိုင်ရာ အားနည်းခဲ့ကြမှုတွေကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ နိုင်ငံတော်သမိုင်းကြောင်း ဖြစ်စဉ်တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့လို့ ဒါတွေကို ပြုပြင်ဆောင်ရွက်နိုင်ဖို့အတွက် ဒေသတွင်း ပညာရေးမြှင့်တင်မှု လုပ်ငန်းတွေကို မဖြစ်မနေ ဦးစားပေး ဆောင်ရွက်သွားရမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့တုန်းက မကွေးတိုင်း၊ မင်းဘူးမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲအတွင်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံပွဲအတွင်းမှာ အတိတ်သမိုင်း သင်ခန်းစာတွေနဲ့ ပညာရေးကဏ္ဍကိုသာ အဓိက ဦးစားပေးပြီး ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်စဉ်တွေကြောင့်ဟု အကြောင်းပြကာ ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲမှုတွေမှာ လူငယ်လူရွယ်အများအပြားဟာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ဆီသို့ အစုလိုက်အပြုံလိုက် ရောက်ရှိသွားခဲ့ကြတာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရတယ်လို့ ထည့်သွင်းစွပ်စွဲ ပြောကြားထားတာပါ။
အခုလိုမျိုး ဖြစ်ပွားခဲ့ရခြင်းဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ မက်လုံးပေး ဆွဲဆောင်စည်းရုံးခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း ခံရမှုတွေအပေါ် လူငယ်တွေအနေနဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးကို စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်း အားနည်းခဲ့ကြခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ဖြစ်စဉ်ရဲ့ အဓိကအချက်မှာ အခြေခံအတန်းပညာပိုင်းနဲ့ စာပေအသိအမြင်ပိုင်း အားနည်းမှုတွေကြောင့်ပင် ဖြစ်တယ်လို့ ပုံချစွပ်စွဲ ပြောဆိုခဲ့ပါသေးတယ်။
ဒါကြောင့် အခုလိုမျိုး နိုင်ငံတစ်ဝန်းမှာ ဖြစ်ပေါ်ခဲ့ရတဲ့ သမိုင်းကြောင်းဆိုင်ရာ မငြိမ်သက်မှု ဖြစ်စဉ်တွေကို သင်ခန်းစာ ယူပြီးတော့ ပညာရေးမြှင့်တင်မှု လုပ်ငန်းစဉ်တွေကို မဖြစ်မနေ ပြုပြင်ဆောင်ရွက်သွားရမယ်လို့ သူက ဆိုပါတယ်။
လက်ရှိ စစ်အုပ်စုက ဖွဲ့စည်းထားတဲ့ အစိုးရအနေနဲ့ အခြေခံပညာ (KG+9) အထိ မသင်မနေရ ပညာရေးစနစ်ကို ချမှတ်ပြီး ကျောင်းပညာရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေး ကဏ္ဍတွေကို အဓိက ပံ့ပိုးကူညီပေးနေကြောင်း ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေနဲ့ အတွေးအခေါ် မှားယွင်းမှုတွေဟာ ပညာရေးအားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်တာကြောင့်၊ အနာဂတ်လူငယ်တွေကို အသိအမြင် မှန်ကန်လာအောင် မိဘပြည်သူတွေနဲ့ ဆရာ၊ ဆရာမတွေက ပြင်ဆင်ပေးကြရမယ်လို့ ထပ်မံပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
