အထက်လူကြီးတွေက ရဲဘော်တွေကို မထောက်ပံ့ဘဲ ငုတ်တုပ်ထိုင် လူကြီးလုပ်နေတယ်လို့ ဝေဖန်မိတဲ့ ရဲဘော်ငယ်ကို တိုက်နယ် ပကဖတာဝန်ခံရ လူကြားထဲ ရိုက်နှက် 

Author CJ Platform
Categories
Published on Jul 13, 2026

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ ရာထူးတာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုပိုင်းကို ဝေဖန်ပြောဆိုမိတဲ့ ကာကွယ်ရေးရဲဘော်လူငယ်တစ်ဦးကို တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက လူကြားအလယ်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံပြည်သူတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

အရာတော်မြို့နယ်၊ တိုက်နယ် (၁၀) ပကဖအဖွဲ့ဝင်တွေဟာ ဌာနေကျေးရွာတစ်ခုဆီသို့ ရောက်ရှိနေစဉ်အတွင်း ကာကွယ်ရေးရဲဘော်တစ်ဦးက “တချို့တွေက လူကြီးတွေဖြစ်ပြီး ရဲဘော်တွေကို ထောက်ပံ့တဲ့တာဝန် မယူကြဘဲ ငုတ်တုပ်ထိုင်ပြီးပဲ လူကြီးတွေ လုပ်နေကြတာ” ဟု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

 

အဆိုပါ ပြောဆိုမှုအပေါ် တိုက်နယ် (၁၀) ပကဖတာဝန်ခံက “တမင်စောက်ရှက်ခွဲတဲ့ကောင်” ဟု ဆိုကာ ရဲဘော်ငယ်ကို လူကြားထဲမှာ ရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

“နားရင်းရိုက်တာ ဖြစ်ပါတယ်။ အစက ငေါက်ငမ်းတာ၊ လက်ရွယ်တာကနေ စတာဆိုတော့ နောက်ပြောင်နေတာပဲလို့ ထင်မှတ်နေတာပါ။ နောက်တော့မှ တကယ်ကို ကိုယ်ထိလက်ရောက် လုပ်ထည့်လိုက်တာ ဖြစ်ပါတယ်။ ပေ ၄၀ ဝန်းကျင်လောက်အကွာကနေ ရှိနေတာတောင် အရိုက်ခံရတဲ့အသံက ရှင်းရှင်းကြီး ကြားရပါတယ်။ အရိုက်ခံရတဲ့ ရဲဘော်ငယ်ကလည်း ဘာမှပြန်မပြောဘူး၊ ပြန်ပြီးတော့လည်း မခုခံပါဘူး။ ရိုးအေးတဲ့သူတစ်ဦး ဖြစ်တာကြောင့် သည်းခံနေတဲ့ ပုံစံမျိုးပါပဲ” ဟု ဖြစ်စဉ်ကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရသူတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

ကိုယ်ထိလက်ရောက် အရိုက်ခံရတဲ့ ရဲဘော်ငယ်ဟာ အခြားကျေးရွာတစ်ခုကနေ လာရောက်တဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ တိုက်နယ်အတွင်း စုဖွဲ့မှုစနစ်အရ မြို့နယ်ပကဖကနေ တရားဝင်ခန့်အပ်ထားတဲ့ အဆိုပါ တိုက်နယ်ပကဖတာဝန်ခံရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပကဖတိုက်နယ်စုဖွဲ့တပ်ထဲဆီသို့ အသက်မပြည့်ခင်ကတည်းက တပ်သားအဖြစ် စတင်ဝင်ရောက်ခဲ့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အရာတော်မြို့နယ် တိုက်နယ် (၁၀) ပကဖအဖွဲ့ဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ် ၄ ဦးကို လက်နက်ကိုင်တပ်သားအဖြစ် စုဆောင်းတာနဲ့ တိုက်ခိုက်ရေးကဏ္ဍတွေမှာ အသုံးပြုနေတာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ လွှတ်တော်ကော်မတီတွေဆီသို့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးဖို့ တိုင်ကြားခြင်း ခံထားရတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

 

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းအချို့ရဲ့ အတွင်းပိုင်းမှာ ကိုယ်ထိလက်ရောက် အရိုက်ခံရပြီး ဝေဖန်ထောက်ပြမိတဲ့ ရဲဘော်ငယ်ကိုသာ ပြန်လည်အပြစ်တင် စွပ်စွဲပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

“အချင်းချင်း ပြန်ပြီးကာကွယ်ကြတာတွေ ရှိပါတယ်။ ကြာရင် ဒီလိုမျိုး အကြမ်းဖက်မှု (Violence) ကို လုပ်ပိုင်ခွင့်ရှိတယ်လို့ အလွဲမက သတ်မှတ်ယူဆသွားနိုင်ပါတယ်။ ရာထူးကြီးရင် ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်ကြီးကို မဖြစ်မနေ တိုက်ဖျက်ဖို့ လိုအပ်ပါတယ်” ဟု ယခုလိုမျိုး ဖြစ်စဉ်တွေကို ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလိုမျိုး အလွဲသုံးစား သတ်မှတ်ယူဆသွားကြမှာကို အထူးစိုးရိမ်ကြောင်း ဒေသခံရဲဘော်တစ်ဦးက CJ Platform ကို ရင်ဖွင့်ပြောဆိုထားပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ရာထူးအာဏာပြ အကြမ်းဖက်မှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့အတွက် တော်လှန်ရေး ဆင်နွှဲနေတဲ့ အချိန်ကာလမှာ၊ တော်လှန်ရေးအသိုက်အဝန်း အတွင်းပိုင်းမှာပါ စစ်အာဏာရှင်ဆန်တဲ့ အတွေးအခေါ်ဟောင်းတွေနဲ့ လုပ်ရပ်ဆိုးတွေကို ဝိုင်းဝန်းတိုက်ဖျက်ဖို့ အထူးလိုအပ်နေကြောင်း ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။