မြဝတီမှာ သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သဖြင့် ပြည်သူတွေကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ


ကရင်ပြည်အတွင်းရှိ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ဆီသို့ မြင့်တက်ခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေအတွင်း ရေဝင်ရောက်ခဲ့တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာနေရာတွေဆီသို့ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံပြည်သူတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်မှတ်တမ်းတွေအရ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာထက် ၂၇ စင်တီမီတာဝန်းကျင်ခန့် ကျော်လွန်ကာ ၉၉၀ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားကာ နေအိမ်တွေထဲ ရေဝင်ရောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

 

ဒါကြောင့်မို့လို့ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့နဲ့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ညပိုင်းအချိန်အထိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကို ဘေးလွတ်ရာနေရာတွေဆီသို့ ယာယီအရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရသလို၊ ကြိုတင်သတိပြုကြဖို့ လိုက်လံနှိုးဆော်မှုတွေကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

မြဝတီမြို့ပေါ်မှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဓိကစုရပ် ၅ နေရာအထိ သတ်မှတ်ထားရှိကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုအထိ ဖွင့်လှစ်ပြီး ဒေသခံပြည်သူတွေကို အပူတပြင်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရကြောင်း သိရပါတယ်။

 

လက်ရှိမြေပြင်အခြေအနေအရ ဇူလိုင်လ ၁၂ ရက်နေ့ ညဉ့်နက်ပိုင်းအချိန်ကစတင်ပြီး ချောင်းဖျားဘက်မှာ မိုးရွာသွန်းမှုတွေ လျော့နည်းသွားခဲ့တာကြောင့် မြစ်ရေဟာ တစ်ပေဝန်းကျင်ခန့် ပြန်လည်ကျဆင်းသွားခဲ့ပြီလို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဒါ့အပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်မှတ်တမ်းတွေအရ သောင်ရင်းမြစ်ရေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ၂၅ စင်တီမီတာအထိ မြင့်တက်ခဲ့တယ်ဆိုပေမဲ့လည်း၊ ယခုလက်ရှိအချိန်မှာတော့ ၈၉၆ စင်တီမီတာအထိ ပြန်လည်ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိမှာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၉၆၃ စင်တီမီတာအောက်ဆီသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – နေနော် Facebook

 

 

Related News

Depend on news