ရန်ကုန်ဘူတာကြီးမှာ မိဘနဲ့ကွဲကွာသွားပြီး တစ်နှစ်ကျော်ကြာ လမ်းမထက် လေလွင့်ဖိနှိပ် ခံခဲ့ရသူ ကလေးငယ် မိဘတွေနဲ့ ပြန်လည်ပေါင်းစည်း
ရန်ကုန်ဘူတာကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၉ နှစ်အရွယ် မောင်အောင်မင်းခန့်ကို လူမှုကူညီရေးအသင်းတွေက ကူညီကယ်တင်ထားပေးခဲ့ပြီး၊ ဖခင်ဖြစ်သူထံသို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က အေးချမ်းစွာ ပြန်လည်အပ်နှံပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
သူတို့မိသားစုဟာ စိတ်ကျန်းမာရေး မကောင်းရှာတဲ့ မိခင်ဖြစ်သူကို ဆေးဝါးကုသမှုပေးဖို့အတွက် မွန်ပြည်အတွင်းရှိ ကျိုက်မရောမြို့နယ်၊ နောင်လုံကျေးရွာကနေ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက ရန်ကုန်မြို့ဆီသို့ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလိုမျိုး ရောက်ရှိလာချိန် ရန်ကုန်ဘူတာကြီးမှာ မိခင်ဖြစ်သူနဲ့ လူချင်းကွဲပြီး ကလေးငယ် ပျောက်ဆုံးသွားခဲ့ရတာ ဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မိဘတွေနဲ့ လူချင်းကွဲပြီး လမ်းဘေး ရောက်သွားတဲ့ ကလေးငယ်ကို လမ်းပေါ်က လူအချို့က တောင်းရမ်းခိုင်းတာတွေ၊ အလုပ်ကြမ်းတွေ ခိုင်းတာတွေ လုပ်ခဲ့ကြပါတယ်။ ပိုက်ဆံတောင်းမပေးရင်၊ သူတို့ခိုင်းတာတွေကို မလုပ်ပေးရင် ရိုက်နှက်ကြတယ်ဆိုတာ ကြားသိရတော့ အတော်လေးကို စိတ်မကောင်း ဖြစ်မိပါတယ်။ အခုလိုမျိုး မိဘတွေဆီကို ဘေးကင်းကင်းနဲ့ ပြန်လည်ရောက်ရှိသွားတာပဲ ဝမ်းသာပီတိ ဖြစ်မိပါတယ်” လို့ သူက ပြောပြပါတယ်။
ရန်ကုန်ဘူတာကြီးမှာ ယောက်လည်လည် ဖြစ်နေတဲ့ မောင်အောင်မင်းခန့်ကို လမ်းပေါ်မှာ နေထိုင်သူအချို့က ခေါ်ယူထားပြီး ပိုက်ဆံတောင်းခိုင်းတာ၊ အထုပ်အပိုးတွေ ထမ်းခိုင်းတာတွေအပြင် ကလေးငယ်ရဲ့ အသက်အရွယ်နဲ့ လုံးဝမမျှတတဲ့ အလုပ်ကြမ်းတွေကို ခိုင်းစေကာ ရိုက်နှက်တာတွေပါ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကလေးငယ်ဟာ အဆိုပါနေရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“အမေနဲ့ လူချင်းကွဲသွားတဲ့အချိန် ဘူတာကြီးမှာရှိတဲ့ လူတွေက ခေါ်ထားပြီး ပိုက်ဆံအတင်းတောင်းခိုင်းတယ်၊ အထုပ်တွေ ထမ်းခိုင်းတယ်။ သူတို့အလိုကျ မရရင် ရိုက်နှက်ကြတာ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် အောင်မင်္ဂလာ အဝေးပြေးဝင်းဆီကို ရောက်သွားခဲ့တယ်။ အဲဒီမှာလည်း ပိုက်ဆံတောင်းခိုင်း၊ အထုပ်ထမ်းခိုင်းပြီး သူတို့ခိုင်းတဲ့အလုပ်တွေကို မလုပ်ပေးရင် ရိုက်နှက်တာပါပဲ။ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအပြည့်နဲ့ ကလေးက ထွက်ပြေးလာရင်း လမ်းမှာ လူမှုကူညီရေးအသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ” လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က အောင်မင်္ဂလာ အဝေးပြေးကွင်းထဲကနေ YBS ၆၄ ယာဉ်လိုင်း ကားကိုစီးပြီး မရမ်းကုန်းမြို့နယ်ဘက်သို့ ထွက်ပြေးလာခဲ့ချိန်မှာ “အဖြူရောင်ကမ်းလက်” လူမှုကူညီရေးအသင်းနဲ့ “ကဟာသိုင်း” မိဘမဲ့ဂေဟာတို့က ကလေးငယ်ကို တွေ့ရှိပြီး ဝိုင်းဝန်းကူညီ ကယ်တင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး ကူညီကယ်တင် စောင့်ရှောက်ပေးပြီးနောက် မောင်အောင်မင်းခန့်ရဲ့ ဖခင်ဖြစ်သူ ဦးညီညီက သတင်းကြားပြီး ဆက်သွယ်လာခဲ့တာကြောင့် ဇူလိုင်လ ၉ ရက်နေ့မှာ မရမ်းကုန်းမြို့မရဲစခန်းအတွင်း၌ မိဘဖြစ်သူထံသို့ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
လတ်တလော ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ မောင်အောင်မင်းခန့်ဟာ ဖခင်ဖြစ်သူ ဦးညီညီနဲ့အတူ မွေးရပ်မြေဖြစ်တဲ့ ကျိုက်မရောမြို့နယ်၊ နောင်လုံကျေးရွာဆီသို့ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ – အဖြူရောင်ကမ်းလက်များ
